အခွန်ကောက်ခံရရှိမှုလျာထားချက်မှာ ကျပ်သန်းပေါင်း ၁၄၁,ဝဝဝ ကျော်အဖြစ် သတ်မှတ်ထား ...
ပြီးခဲ့သည့် ၂ဝ၁၆ ၁၇ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းအတွင်း၌ အခွန်ကောက်ခံရာတွင်
ပြည်သူများက အခွန်ဆောင်လာသဖြင့် သတ်မှတ်လျာထားချက်ထက် ကျပ်သန်းပေါင်း ၁၉,ဝဝဝ
ကျော်အထိ ပိုမိုရရှိလာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာန လက်ထောက်
ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ယခုလ ပထမရက်သတ္တပတ်က ပြောသည်။
''ပြီးသွားတဲ့ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံတာက အခွန်ဌာနက သတ်မှတ်လျာထားချက်ကို
ကျော်လွန်ပြီး ရရှိလာတယ်။ဒီလို ပိုမိုရရှိလာတယ် ဆိုတာကလည်းမန္တလေးတိုင်းအတွင်းမှာရှိတဲ့
အခွန်ထမ်းပြည်သူတွေက အခွန်တွေကို ဆောင်လာကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခွန်တွေ
ပိုမိုရရှိလေ ဖွံ့ဖြိုးရေးတွေကို ပိုမို လုပ်ကိုင်လာနိုင်မှာပါ''ဟု ဦးကျော်အောင်မိုးက
ပြောသည်။
မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနကပြီးခဲ့သည့် ၂ဝ၁၆၁၇ ဘဏ္ဍာနှစ်အတွက်မန္တလေးတိုင်း
အတွင်း အခွန်ကောက်ခံရရှိမှုလျာထားချက်မှာ ကျပ်သန်းပေါင်း ၁၄၁,ဝဝဝ ကျော်အဖြစ်
သတ်မှတ်ထားသော်လည်း၂ဝ၁၆၁၇ ဘဏ္ဍာနှစ်ကုန်ဆုံးပြီးချိန်တွင်တိုင်းအတွင်းမှ
အခွန်ကောက်ခံရရှိမှု ကျပ်သန်းပေါင်း ၁၆ဝ,ဝဝဝကျော် အထိ ရရှိလာခဲ့သဖြင့်
သတ်မှတ်လျာထားချက်ထက် ကျပ်သန်းပေါင်း ၁၉,ဝဝဝ ကျော် ပိုမိုရရှိလာခဲ့ခြင်းဖြစ်သည်။
''အခွန်ကောက်ခံရရှိမှု တိုးလာတာက ကောင်းမွန်တဲ့ လက္ခဏာပါ။ အစိုးရတစ်ရပ်အတွက်က
အခွန်ရရှိဖို့လိုအပ်ပါတယ်။ အခွန်ရရှိတဲ့အခါမှာ လိုအပ်တဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို
ပိုမိုလုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ အခွန်ထမ်းပြည်သူတွေဆီကနေရရှိလာတဲ့ အခွန်တွေကနေ
တိုင်းပြည်အတွက်ပိုမို လုပ်ကိုင်နိုင်လာမယ်လို့ ထင်ပါတယ်'' ဟုမန္တလေးမြို့ခံ အိမ်ခြံမြေပွဲစားဖြစ်သူ
ဦးစိုးဝင်းက ပြောသည်။
မန္တလေးတိုင်း အခွန်ဦးစီးဌာနက အခွန်စည်းကြပ်နေသည့် ကဏ္ဍငါးခု ရှိပြီး အဆိုပါ ကဏ္ဍငါးခုမှာ
ကုန်သွယ်လုပ်ငန်းခွန်၊ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ
သိန်းဆုခွန်တို့ ဖြစ်သည်။















