ပြိုင်ကားမောင်းခြင်းကို အားကစားတစ်ရပ်အဖြစ် ကျင်းပနိုင်အောင်ဆောင်ရွက်နေ

ပြိုင်ကားမောင်းခြင်းကို အားကစားတစ်ရပ်အဖြစ် ကျင်းပနိုင်အောင်ဆောင်ရွက်နေ

 

ပြိုင်ကားမောင်းပြိုင်ပွဲကို အားကစားတစ်ရပ်အဖြစ် ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဟု ဧပြီ
၈ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည့် MDC 2017 Myanmar ကားမောင်းပြိုင်ပွဲစီစဉ်သူ
MSAM Organize မှ ကိုမင်းသန့်ထက်က ပြောသည်။

''ပြိုင်ကားမောင်းပြိုင်ပွဲကို အားကစားတစ်ရပ်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ လိုအပ်တဲ့
ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ တခြားနိုင်ငံတွေမှာလည်း အားကစားတစ်ခုအနေနဲ့
ယှဉ်ပြိုင်ပွဲတွေ ပြုလုပ်နေတာပါ'' ဟု ၄င်းက ပြောသည်။

ပြိုင်ကားမောင်းပြိုင်ပွဲ ကျင်းပပြုလုပ်ရန်အတွက် အဓိကလိုအပ်ချက်သည်
ပြိုင်ပွဲကွင်းဖြစ်ပြီး ကွင်း အကျယ်အဝန်း ငါးဧကနှင့်၁ဝ ဧကကြား လိုအပ်နေကြောင်း
ကိုမင်းသန့်ထက်က ပြောသည်။

''အဓိကလိုအပ်နေတာ ပြိုင်ပွဲကွင်းပေါ့။အဲဒီအတွက်လည်း တိုင်းဒေသကြီးအစိုးရဆီကိုလည်း
တင်ပြ တောင်းဆိုထားပါတယ်။ပြိုင်ကားမောင်းတဲ့သူတွေကတော့အားကစားတစ်ရပ်အနေနဲ့
ထွက်ပေါ်လာစေချင်တာ ကြာနေပါပြီ''ဟု ၄င်းက ပြောကြားသည်။

ပြိုင်ကားမောင်းခြင်းကို အားကစားတစ်ရပ်အဖြစ် မြန်မာနိုင်ငံတွင်လည်း
လုပ်ဆောင်နိုင်သည်ကို သိရှိစေရန်နှင့် ပြိုင်ကားအားကစားပိုမိုတိုးတက်စေရေးအတွက်
ပြိုင်ပွဲများ ပြုလုပ်ကျင်းပလျက်ရှိကြောင်း ကိုမင်းသန့်ထက်က ပြောသည်။

''နောက်ပွဲ ပြိုင်ပွဲတွေမှာ အာဆီယံကိုဖိတ်ကြားပြီးတော့ ကျင်းပသွားမှာပါ။
နိုင်ငံတကာနဲ့ယှဉ်ရင် ပြိုင်ကားအားကစားကို ရင်ပေါင်တန်းနိုင်အောင် လုပ်ဆောင်
သွားမယ်။ ပြိုင်ပွဲတွေကိုလည်း တစ်နှစ်မှာသုံးကြိမ်လောက် ပြုလုပ်ပေးမှာပါ။ အခုဆိုရင်
နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဖြစ်အောင် ဒိုင်တွေကိုလည်းနိုင်ငံခြားဒိုင်တွေ
ထားပါတယ်''ဟု ၄င်းက ပြောသည်။

''ကျွန်တော်တို့ဆီမှာ အားကစားတစ်ခုအနေနဲ့ ကျင်းပပေးရင် ပိုပြီးကောင်းတာပေါ့။ ပြိုင်ပွဲ
ဝင်ပြိုင်ရင် ကုန်ကျစရိတ်တွေက အရမ်းများပါတယ်။ ဝါသနာကြောင့် ဝင်ပြိုင်နေတာပါ။
အနည်းဆုံး ကုန်ကျစရိတ်အနေနဲ့လေ့ကျင့်တဲ့အပေါ် မူတည်ပြီးတော့ တာယာဖိုးက
ကျပ်၁ဝ သိန်းကျော် ကုန်ကျပါတယ်'' ဟု MDC 2017 Myanmar ကားမောင်းပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကိုသားချစ်က ပြောသည်။

MDC 2017 Myanmar ကားမောင်းပြိုင်ပွဲကို ဧပြီ ၈ ရက်နှင့် ၉ ရက်တို့တွင်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပြင်စာကျေးရွာအနီး ရတနာပုံဆိုက်ဘာစီးတီး၌
ကျင်းပပြုလုပ်ခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်သူ ကားအစီးအရေပေါင်း ၄၂ စီးအထိ ရှိကြောင်း
၄င်းတို့က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး