မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းများမှ ရရှိသည့် ငွေကျပ် ရ ဘီလီယံခွဲခန့်
ပျောက်ဆုံးမှုအား စစ်ဆေးသည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်ပြီး အရေးယူမှုများပြုလုပ်ရန်အတွက်
ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြထားကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးထွန်းထွန်းက ယခုလ ၁၈ ရက်နေ့တွင် မြန်မာတိုင်း(မ်)သို့ ပြောကြားခဲ့သည်။
“စစ်ဆေးမှုကတော့ ပြည်ထောင်စုအဆင့်က စစ်ဆေးတာပါ၊ ပြည်ထောင်စု အဆင့်ပြည်ထဲရေးကနေ
စစ်ဆေးပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုတွေ့ရှိချက်ကိုတင်ပြတာပါ၊ တိုင်းဒေသကြီးအစိုးရကနေ
ပြန်ပြီးတော့ ပြည်ထောင်စုအစိုးရသမ္မတနဲ့ ပြည်ထဲရေးကို ပြန်ပြီးတင်ထားတယ်၊
ဒါတွေဘယ်လိုအရေးယူပေးမလဲ၊ ပြည်သူ့ဘဏ္ဍာတွေ ပြန်အပ်မလား၊ ပြန်မအပ်ရင်
ဘယ်လိုအရေးယူမလဲဆိုတာ တင်ပြထားပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးထွန်းထွန်းမှ ဆိုသည်။
မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်းများမှ ရေနံသယ်ယူခွင့် ၀န်ဆောင်ခရငွေ
၇ ဒသမ ၄၅၉ ဘီလီယံရှိကြောင်း ပြည်ထောင်စု အစိုးရမှ တိုင်းဒေသကြီးအစိုးရသို့
တရားဝင်အကြောင်းပြန်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊
လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က အတည်ပြုပြောသည်။
“ကျွန်တော်တို့ဘက်က ပူးပေါင်းပါ၀င်ရတဲ့ အပိုင်းကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်ကို တင်ပြခဲ့တယ်၊ ပွင့်ဖြူမြို့နယ်လွှတ်တော်ကိုယ်စားလှယ်မှတဆင့် လွှတ်တော်မှာ
မေးမြန်းခဲ့တယ်၊ ပြည်ထောင်စုက စုံစမ်းစစ်ဆေးမှု လုပ်တဲ့အခါမှာ စသုံးလုံးတို့ တိုင်းအခွန်တို့
တိုင်းစာရင်းစစ်ချုပ်တို့ မြန်မာ့စီးပွားရေးဘဏ်တို့မှာ ဒီအချက်လက် ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့
စီစစ်တဲ့သူတွေ အဆင်ပြေချောမွေ့အောင်အုပ်ချုပ်ရေးနည်းလမ်းနဲ့ ကူညီခဲ့တယ်၊ စာရင်းမှာ
၇ ဒသမ ၄၅၉ ဘီလီယံအထိ စစ်ဆေးပေါ်ပေါက်ခဲ့တယ်၊ ဒီငွေတွေကို အားလုံးက ပြီးခဲ့တဲ့အစိုးရက
ကျွန်တော်တို့ အစိုးရကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိတဲ့အတွက် ပျောက်ဆုံးနေတယ်လို့
ပြောနိုင်တယ်”ဟု ၀န်ကြီး ဦးနေမျိုးကျော်ကပြောသည်။
အဆိုပါပျောက်ဆုံးနေသည့် ငွေစာရင်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီး
ဆက်လက် စုံစမ်းစစ်ဆေးနေသည်ဟု ဦးနေမျိုးကျော်ကပြောသည်။
စစ်ဆေးတွေ့ရှိချက်များအရ ရ ဒသမ ၄၅၉ ဘီလီယံမှ ၄ ဒသမ ၁၈ ဘီလီယံအား မကွေးတိုင်းဖွံ့ဖြိုးရေး
အတွက် အသုံးပြုခဲ့ပြီး၊ ၁ ဒသမ ရ ဘီလီယံအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက်
အသုံးပြုခဲ့ကြောင်းနှင့် ရွှေသုခအသေးစားငွေချေးလုပ်ငန်းအတွက် ၁ ဒသမ ၅၇၅ ဘီလီယံ
သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းထွန်းကပြောသည်။
“စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာရင်တော့ ဥပဒေကြောင်းအရ တရားဥပဒေရှုထောင့်က ရင်ဆိုင်ရမှာပါ၊
ဒါမျိုးကဖျောက်ပစ်လိုက်လို့ လျှော်ပစ်လိုက်လို့ရတဲ့ ပြသနာမဟုတ်ဘူး၊ ဒီလိုကိစ္စမျိုးကို
ကျွန်တော်တို့ကတာ့ ပြည်ထောင်စုက ဦးဆောင်မှု အစီအစဉ်နဲ့ ပုဂ္ဂိုလ်ရေး ဂိုဏ်းဂနရေးအပေါ်မှာ
အခြေမခံပဲ တရားဥဒေရဲ့မျက်နှာကို ကြည့်ပြီးလုပ်သင့် လုပ်ထိုက်တာကို လုပ်သွားဖို့ရှိပါတယ်”ဟု
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
၀န်ကြီး ဦးနေမျိုးကျော်က ဆိုသည်။















