ယခင်အစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်း
လုပ်ငန်းများမှ ကောက်ခံရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ခုနစ် ဘီလျံခွဲခန့် ပျောက်ဆုံးမှုကို
စစ်ဆေးခဲ့ပြီးဖြစ်ရာ အရေးယူဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း
တာဝန်ရှိသူများက ပြောသည်။
''စစ်ဆေးမှုကတော့ ပြည်ထောင်စုအဆင့်က စစ်ဆေးတာပါ။ ပြည်ထောင်စုအဆင့် ပြည်ထဲရေး
ကနေ စစ်ဆေးပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တွေ့ရှိချက်ကို တင်ပြတာပါ။
တိုင်းဒေသကြီးအစိုးရကနေ ပြည်ထောင်စုအစိုးရသမ္မတနဲ့ ပြည်ထဲရေးကို ပြန်ပြီးတင်ထားတယ်'' ဟု
ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ယခုလ ၁၈ ရက်တွင်
ပြောသည်။
မကွေးတိုင်းဒေသကြီးရှိ ရေနံလက်ယက်တွင်းများမှ ရေနံသယ်ယူခွင့်ဝန်ဆောင်ခ အပေါ်
ကောက်ခံရရှိသည့် ငွေကျပ် ရ ဒသမ ၄၅၉ ဘီလျံရှိကြောင်း ပြည်ထောင်စုအစိုးရက
တိုင်းဒေသကြီးအစိုးရသို့ တရားဝင်အကြောင်း ပြန်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က
ပြောသည်။
''ကျွန်တော်တို့ဘက်က ပူးပေါင်းပါဝင်ရ တဲ့ အပိုင်းကတော့ အဂတိလိုက်စားမှုတိုက် ဖျက်ရေး
ကော်မရှင်ကို တင်ပြခဲ့တယ်။ ပွင့်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကတစ်ဆင့် လွှတ်တော်မှာ
မေးမြန်းခဲ့တယ်။ ပြည်ထောင်စုအဆင့်က စုံစမ်းစစ်ဆေးမှုလုပ်တဲ့အခါမှာ အဆင်ပြေ
ချောမွေ့အောင် အုပ်ချုပ်ရေးနည်းလမ်းနဲ့ ကူညီခဲ့တယ်။ စာရင်းမှာ ရ ဒသမ ၄၅၉ ဘီလျံအထိ
စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ ဒီငွေတွေကိုအားလုံးက ပြီးခဲ့တဲ့အစိုးရက ကျွန်တော်တို့အစိုးရကို
လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိတဲ့အတွက် ပျောက်ဆုံးနေတယ်လို့ ပြောနိုင်တယ်'' ဟု ၄င်းက
ပြောသည်။
မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ပျောက်ဆုံးနေမှုကို နိုင်ငံတော်က တာဝန်ပေး
စုံစမ်းစစ်ဆေးခိုင်းသောကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး
စာရင်းစစ်ချုပ်ရုံးတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခဲ့သည်ဟု
ယခုလ ၁ဝ ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၏တစ်နှစ်တာ
ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန်ဦးတင်မြင့်က ပြောသည်။
''စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ဥပဒေအကြံပြုချက်တွေနဲ့
အတူ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီးဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
စစ်ဆေးတွေ့ရှိချက်များအရ ရ ဒသမ ၄၅၉ ဘီလျံအနက် ၄ ဒသမ ၁၈ ဘီလျံကို မကွေး
တိုင်းဖွံ့ဖြိုးရေးအတွက် အသုံးပြုခဲ့ပြီး ၁ ဒသမ ရ ဘီလျံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီအတွက် အသုံးပြုခဲ့ကြောင်းနှင့် ရွှေသုခအသေးစားငွေချေးလုပ်ငန်းအတွက်
၁ ဒသမ ၅၇၅ ဘီလျံသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပွင့်ဖြူမြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
''စုံစမ်းစစ်ဆေးမှုပေါ်ပေါက်လာရင်တော့ ဥပဒေကြောင်းအရ တရားဥပဒေရှုထောင့်က
ရင်ဆိုင်ရမှာပါ။ ဒါမျိုးက ဖျောက်ပစ်လိုက်လို့ လျှော်ပစ်လိုက်လို့ရတဲ့ ပြဿနာမဟုတ်ဘူး။ ဒီလို
ကိစ္စမျိုးကို ကျွန်တော်တို့ကတော့ ပြည်ထောင်စုက ဦးဆောင်မှုအစီအစဉ်နဲ့ ပုဂ္ဂိုလ်ရေး ဂိုဏ်း
ဂဏရေးအပေါ်မှာ အခြေမခံဘဲ တရားဥဒေရဲ့မျက်နှာကိုကြည့်ပြီး လုပ်သင့် လုပ်ထိုက်တာကို
လုပ်သွားဖို့ ရှိပါတယ်'' ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးနေမျိုးကျော်က ပြောသည်။
















