မြို့မငွေငန်းမှသည် ခေတ်ပေါ် ဂီတအကအလှတွေအထိ နှစ်စဉ်နှစ်တိုင်း မန္တလေးသင်္ကြန်က
စည်ကားသိုက်မြိုက်ခဲ့သည်။ အစဉ်အလာကြီးမားခဲ့သော မန္တလေးသင်္ကြန်က ယခုနှစ်တွင်လည်း
တစ်မူထူးခြားချက်များနှင့် ပြည့်နှက်ခဲ့သည်။
မန္တလေးသင်္ကြန်တွင် နှစ်စဉ် ကျပ်သိန်းပေါင်း ရာချီအကုန်အကျခံပြီး စီးပွားရေးလုပ်ငန်းရှင်များက
အပြိုင်အဆိုင်နေရာဦးလေ့ရှိသည်။ ယခုနှစ်တွင် သင်္ကြန်ကာလနီးကပ်လာသည့်တိုင်
မန်းသင်္ကြန်ကို မည်သို့မည်ပုံ ကျင်းပမည်ကို မန်းသူမန်းသားတို့ဇဝေဇဝါဖြစ်နေခဲ့ခြင်းကလည်း
ထူးခြားချက်တစ်ခုဖြစ်သည်။
ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဆိုတော့
အားလုံးစိတ်ဝင်စားကြသည်။ သို့သော်လည်း နန်းမြို့ရိုးပုံ မုခ်ဦးတည်ဆောက်ရာတွင်
မြန်မာ့ရိုးရာနှင့် မကိုက်ညီသည့်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ပြောဆိုမှုများ
ဆူညံခဲ့သည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက
လမ်းလျှောက်သင်္ကြန်မုခ်ဦးကို ချက်ချင်း ပြန်လည်ပြင်ဆင်ခဲ့ရသည်။
ကနဦးတွင် ဝေဖန်မှုများရှိခဲ့သော်လည်း တောင်ဘက်ကျုံးတစ်လျှောက်ကို လမ်းလျှောက်သင်္ကြန်၊
မနောရမ္မကွင်းဘေးတစ်လျှောက်ကိုလူငယ်သင်္ကြန်အဖြစ် ပိုင်းခြားကျင်းပခဲ့ခြင်းမှာလည်း
ထူးခြားမှုတစ်ခုဖြစ်သည်။ လူငယ်သင်္ကြန်တွင် လူငယ်တို့ ပါဝင်ပျော်ရွှင်ကြရန်
ဒိုးဒိုးဒန့်ဒန့်၊ လမ်းလျှောက်သင်္ကြန်တွင် လူကြီးလူငယ်မရွေး ပါဝင်ဆင်နွှဲကြရန်
မြန်မာ့ရိုးရာရေနွေးကြမ်းဝိုင်း၊ သနပ်ခါး လိမ်းခြယ်ခြင်း၊ပုသိမ်ထီး အလှဆင်မှု၊
ရှေးခေတ်သင်္ကြန်ရုပ်ပုံချိတ်ဆွဲထားခြင်းများဖြင့် မြန်မာ့ယဉ်ကျေးမှုကို ပြန်လည်
အသက်သွင်း ပုံဖော်ခဲ့သည်။
နောက်ထူးခြားမှုတစ်ခုမှာ မန်းသင်္ကြန်တွင် ပါဝင်ဆင်နွှဲသူ များပြားခဲ့သော်လည်း
မှုခင်းဖြစ်ပွားမှု လျော့နည်းခဲ့ခြင်းဖြစ်သည်။ သင်္ကြန်လေးရက်တာ ကာလအတွင်း အမှုပေါင်း
၅၃ မှုသာရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူ ၂၄ ဦးသာရှိသည်ဟု မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မန္တလေးမြို့တော်ဝန်အဖြစ် ရာထူးတာဝန်များ စတင်ယူခဲ့စဉ်က ဒေသပြည်သူလူထု၏ ဝေဖန်မှုများ
ခံခဲ့ရသော်လည်း မျက်စိအထူးကုဆရာဝန် တစ်ဖြစ်လဲ မြို့တော်ဝန်ဦးရဲလွင်က
လမ်းလျှောက်သင်္ကြန်ကြောင့် ယခင်နှစ် သင်္ကြန်တွေထက် ပါဝင်ဆင်နွှဲသူများသော်လည်း
မှုခင်းလျော့ကျသည့်အတွက် ပီတိဖြစ်ရကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
သင်္ကြန်ကာလ မတိုင်မီက မန္တလေးမြို့တွင် လုယက်မှုများ ခပ်စိတ်စိတ်ဖြစ်ခဲ့သည့်အတွက်
လမ်းလျှောက်သင်္ကြန်အပေါ် စိုးရိမ်မှုများလည်း ရှိခဲ့သည်။ သို့သော်လည်း လမ်းလျှောက်သင်္ကြန်
ပါဝင်ဆင်နွှဲချိန်တွင် အရွယ်သုံးပါးပါဝင်သည့် လူအုပ်ကြီးတစ်သီတစ်တန်းကြီးကို
ဖုန်းရေစိုခံအိတ်ကိုယ်စီဖြင့် တစ်ပျော်တစ်ပါး တွေ့မြင်ရသည်။
လူမှုအသင်းအဖွဲ့အလိုက် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆောင်ရွက်ရန် နေရာချထား
ပေးခြင်းသည်လည်း အသင်းအဖွဲ့စိတ်ဖြင့် စနစ်တကျဖြစ်စေမှုကို တစ်တပ်တစ်အား
ပ့ံပိုးခဲ့သည်။ နေရာအလိုက် ဖျော်ဖြေမှုများ၊စတုဒီသာကျွေးမွေးမှုများကလည်း
မြိုင်မြိုင်ဆိုင်ဆိုင်။ စတုဒီသာဆိုလည်း အများကျွေးသလိုကြာဆံကြော်၊ ခေါက်ဆွဲကြော်တို့
သာမကဆန်းသစ်တီထွင်ထားသည့် လက်ဖက်ထည့်ထားသော အစားအစာများဖြစ်သည့်
လက်ဖက်ကောက်ညှင်း၊ လက်ဖက်စမူဆာ၊ လက်ဖက်ကြက်ဥလိပ်များကို တွေ့မြင်ရသည်မှာ
ထူးခြားလှသည်။

နောက်ထပ်ထူးခြားမှုတစ်ခုကတော့ လမ်းလျှောက်သင်္ကြန်ရှိ စားသောက်ဆိုင်များ
အရက်ဘီယာရောင်းချခွင့် မရရှိခဲ့ခြင်းဖြစ်သည်။အရက်ဘီယာကြိုက်သူ ကိုကိုမမတို့အတွက်
ဝမ်းနည်းဖွယ်ဖြစ်သော်လည်း အားလုံးအတွက်မူကောင်းမွန်သော စီမံခန့်ခွဲမှုဖြစ်သည်။
ယခုနှစ်မန်းသင်္ကြန်၏ တခြားထူးခြားမှုတစ်ခုကတော့ လူအုပ်ကြီးထဲတွင် ပျော်ပျော်ရွှင်ရွှင်
ကခုန်နေသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို တွေ့မြင်ရခြင်းဖြစ်သည်။
မန်းတိုင်းဝန်ကြီးချုပ် အဆက်ဆက် ကိန်းခန်းကြီးသည်ဟု မဆိုသာသော်လည်း ယခု
ပထမဦးဆုံးအကြိမ် လူအုပ်ထဲဆင်းသည့်ဝန်ကြီးချုပ်ဖြစ်ခဲ့ခြင်းက ထူးခြားမှုတစ်ခုဖြစ်နေသည်။
















