'ချိတ်' သံချပ်အဖွဲ့က ရရှိငွေ ကျပ်ခြောက်သန်းခွဲကို လှူဒါန်းမည်

'ချိတ်' သံချပ်အဖွဲ့က ရရှိငွေ ကျပ်ခြောက်သန်းခွဲကို လှူဒါန်းမည်

 

ကျော်သူပရဟိတကွန်ရက်မှ မင်းသားကျော်သူဦးဆောင်သော 'ချိတ်' သံချပ်အဖွဲ့သည်
သင်္ကြန်တွင်း၌ အလှူငွေကျပ်ခြောက်သန်းခွဲရရှိခဲ့ရာ လိုအပ်ချက်ရှိသောနေရာများတွင်
လှူဒါန်းသွားမည်ဖြစ်ကြောင်း သံချပ်အဖွဲ့တာဝန်ရှိသူများက ပြောသည်။

'ချိတ်' သံချပ်အဖွဲ့မှာ မန္တလေးသင်္ကြန်တွင် သင်္ကြန်အကြိုနေ့အပါအဝင် ငါးရက်ကြာ
လှည့်လည်ဖျော်ဖြေခဲ့ပြီး၊ ပြည်သူများလှူဒါန်းခဲ့သည့် အလှူငွေများကို တစ်နိုင်ငံလုံးအနှံ့
ဖြန့်ကြက်ထားသော ကျော်သူပရဟိတ ကွန်ရက်၏ ပရဟိတလုပ်ငန်းများမှတစ်ဆင့်
လှူဒါန်းသွားမည်ဟု သံချပ်အဖွဲ့အတွက် သံချပ်စာသားများရေးသားခဲ့သူ ဦးမြင့်အောင်က
ပြောသည်။

''နောက်နှစ်မှာလည်း 'ချိတ်' အဖွဲ့ဆက်လက်ရှင်သန်သွားဖို့ ရည်ရွယ်ထားပါတယ်။ ပရဟိတ
သမားဆိုတာ ပြည်သူ့ကျွန်ပဲလို့ ခံယူထားတယ်။ ရရှိခဲ့တဲ့ အလှူငွေ ကျပ်ခြောက်သန်းခွဲမှာ
၇ မိုင်စခန်းနေရာကတင်ပဲ ကျပ် ၁၁ သိန်းကျော်ရခဲ့ပါတယ်'' ဟု ဦးမြင့်အောင်က ယမန်နေ့တွင်
ပြောသည်။

အဖွဲ့တွင် သံချပ်တိုင်သူများအပါအဝင် အဖွဲ့ဝင် ၅ဝ ကျော်ပါဝင်ခဲ့ရာ ညောင်ဦးခရိုင်
စက်စက်ယိုကျေးရွာမှ ဆံရစ်ဝိုင်းအဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ပြီး၊ ရုပ်ရှင်မင်းသား ဦးကျော်သူကိုယ်တိုင်
လိုက်ပါခဲ့ကြောင်း ဦးမြင့်အောင်က ပြောသည်။

''ကျွန်တော်တို့အဖွဲ့က ပြိုင်ပွဲတော့ မဝင်ခဲ့ပါဘူး။ သံချပ်နှစ်ပုဒ်၊ သီချင်း သုံးပုဒ်ပြင်ဆင်ပြီး
ဖျော်ဖြေခဲ့တယ်။ ပထမဆုံးအတွေ့အကြုံဖြစ်ပေမဲ့ ပရိသတ်တွေက အားပေးကြတယ်။
အိမ်တိုင်ရာရောက် လာဖျော်ဖြေဖို့ ဖိတ်ထားပြီး ကျွန်တော်တို့ မရောက်သွားနိုင်တဲ့ အိမ်တွေ
အများကြီးကျန်နေခဲ့ပါတယ်။ ဒီအတွက်လည်း ဦးကျော်သူကိုယ်စား ကျွန်တော်တို့ တောင်း
ပန်ချင်ပါတယ်။ လာမယ့်နှစ်တွေမှာ အားနည်းချက်တွေပြင်ဆင်ပြီး အကောင်းဆုံးဖြစ်အောင်
ဖျော်ဖြေပါမယ်''ဟု သံချပ်အဖွဲ့ဝင် ကိုဇော်သီဟက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး