ခန္တီးမြို့အထက်ပိုင်းက နန်စီဘွန်ကျောက်မှော်

ခန္တီးမြို့အထက်ပိုင်းက နန်စီဘွန်ကျောက်မှော်

တောင်တစ်လုံးမျှ မြင့်မားသည့် မြေစာပုံ။ စက်ယန္တရားကြီးများက တူးဆွလျက်ရှိသည်။

တန်းစီစောင့်ဆိုင်းနေ သော ရေမဆေးကျောက်သမားများကလည်း အခွင့်ရသည်နှင့် တစ်ပြိုင်နက်
ယန္တရားကြီးများအကြား တိုးဝှေ့ ရှာဖွေကြသည်။

အသက်ဘေးအန္တရာယ်နှင့် နီးလွန်း လှသော်လည်း ဂရုမထားနိုင်ပဲ တိုးဝှေ့ရှာဖွေနေကြသည့်
ကျောက်သမားများတွင် အမျိုးသမီးနှင့် ကလေးငယ်အချို့လည်း ပါ၀င်နေသည်။

"ဘတ်ဖိုးကုတ်တဲ့အချိန် ၀င်ရှာကြတော့ အဲဒီမြေပြိုကျပြီး ဆုံးတာဗျ။ ဆုံးတဲ့သူကတော့ ကျွန်တော့်
သူငယ်ချင်းပေါ့။ နာဂတောင်တန်းကလာတာ။ ကျွန်တော်တို့ အလုပ်ကတော့ မိုးရွာတဲ့အခါကျရင်
အန္တရာယ် တအားများတယ်။ သူ့ဟာသူ ပြိုကျလာရော။ တချို့ဆို ကျောက်တွေထိလို့ ခေါင်းတွေတောင်
ပေါက်တယ်။ တချို့ဆို ဆေးရုံဆေးခန်း မရောက်ဘဲနဲ့ သေသွားတာတွေလည်း ရှိတယ်ဗျ" လို့
ရွှေဘိုမြို့ က လာရောက်လုပ်ကိုင်နေသည့် ကိုမြင့်နိုင်က ပြောသည်။

မြန်မာနိုင်ငံ နေရာဒေအသီးသီးက ရွှေ့ပြောင်းလာသည့် ကျောက်သမားများ တိုးဝှေ့လျက်
ကျောက်ရှာဖွေနေသည့် နေရာကတော့ နန်စီဘွန်ကျောက်မှော်ဖြစ်သည်။

နန်စီဘွန်မှော်နှင့် ရွှေပြည်သာကျေးရွာ

နန်စီဘွန်မှော်သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးမြို့မှမိုင် ၃၀ ၀န်းကျင်ကွာဝေးသည်။
နန်စီဘွန် ဒေသကို ခန္တီးရတနာနယ်မြေအဖြစ် ၂၀၀၁ ခုနှစ်တွင် အစိုးရက သတ်မှတ်ခဲ့သည်။
နန်စီဘွန်ဒေသတွင် ၁၉၉၄ ခုနှစ်ကတည်းက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများ
လုပ်ကိုင်ခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွင် ကုမ္ပဏီအချို့ ရပ်နားခဲ့သည်။

စတုရန်းမိုင်ပေါင်း ၁,၁၆၃ ဧကအားဖြင့် ရ၇၄,၃၂၀ ရှိသည့် နန်စီဘွန် ကျောက်မှော်တွင် ကုမ္ပဏီပေါင်း
၄၉ ခုလုပ်ကိုင်လျက်ရှိသည်။

ခန္တီးရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၂,၇၉၉ ကွက် ရှိသည့်အနက် သက်တမ်းရှိလုပ်ကွက်
၂,၂၅၄ ကွက်ရှိသည် ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည်။

နန်စီဘွန်မှော်ကို အမှီပြုကာ ပြောင်းရွှေအခြေချသူများပြားလာသောကြောင့် နန်စီဘွန်ကျေးရွာတွင်
မြကျွန်းသာ၊ ချောင်းသာနှင့် လသာရွာများကို ထည့်သွင်းကာ ရွှေပြည်သာကျေးရွာအုပ်စုအဖြစ် ယခုနှစ်
ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် သတ်မှတ်ခဲ့သည်။

ရွှေပြည်သာကျေးရွာအုပ်စုတွင် အိမ်ထောင်စုရေ ရ၃၀၊ လူဦးရေအားဖြင့် ၃,၅၀၀ ၀န်းကျင်ခန့်ရှိသည်။

နန်စီဘွန်ဒေသမှ ထွက်ရှိသည့် ကျောက်စိမ်းသည် ဖားကန့်ဒေသထွက် ကျောက်စိမ်းနှင့် ကွာခြားမှု
ရှိသည်။

နန်စီဘွန်ဒေသတွင် ကျောက်စိမ်းကို မြေအောက် အနက် ပေ ၂၀၀ ကျော်ရှိ ကျောက်ကြောမြေလွှာ
များတွင် အများဆုံး တွေ့ရှိရသည်။

နန်စီဘွန်ကျောက်စိမ်းသည် ဈေးကွက်ဝင်အရည်အသွေးရှိသော်လည်း အရွယ်အစားအားဖြင့်
သေးငယ်သော ကျောက်အမျိုးအစားဖြစ်သည်။

ဖားကန့်ကဲ့သို့ တန်ချီသော ကျောက်စိမ်းရိုင်းတုံးကြီးများ ထွက်ရှိခြင်း မဟုတ်ဘဲ ကျောက်ပြုန်းများမှ
ရှာဖွေ တွေ့ရှိခြင်းဖြစ်သည်။

ရေမဆေးကျောက်ရှာဖွေသူများ

ရေမဆေးကျောက်ရှာဖွေသူများသည် အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူများ ဖြစ်ကြသည်။
ကျောက်ရှာခြင်းနှင့် ကျောက်တူးဖော်ခြင်းကို ကိုယ်ပိုင်စရိတ် ဖြင့် အုပ်စုဖွဲ့လုပ်ကိုင်နေသူများရှိသကဲ့သို့
ကျောက်ပွဲစားသူဌေးများက ထုတ်ပေးသည့် နေထိုင်စားသောက်စရိတ်ဖြင့် အကျိုးတူ
လုပ်ကိုင်သူများလည်းရှိသည်။

ဒေသခံများနှင့် အခြားဒေသများမှ လာရောက်သည့် ကျောက်ရှာသူများရှိသကဲ့သို့
ကျောက်ရှာဖွေသူများကို ငွေကြေးစိုက်ထုတ်သည့် ကျောက်ပွဲစားသူဌေးများတွင်လည်း
ဒေသခံများနည်းတူ အခြားဒေသမှ လာရောက်လုပ်ကိုင်သူများလည်း ရှိသည်။

ရေမဆေးကျောက် ရှာသူများနှင့် ကုမ္ပဏီများအကြား ပေါ်ပေါက်လျက်ရှိသည့် ပဋိပက္ခများတွင်
ကျောက်ပွဲစားများလည်း ပါ၀င်ပတ်သက်နေသည်ဟု ကျောက်ပွဲစားတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ဒေသခံ လော်ပန် (ကျောက်ပွဲစား) တွေ လုပ်တာကတော့ လေးယောက်
ငါးယောက်လောက်နဲ့ ၀မ်းစာသဘောပဲ။ ဒါပေမဲ့ အချို့ လော်ပန်တွေကျတော့ အခြားဒေသက
ဆင်းလာပြီး လူပေါင်း ၂၀၊ ၃၀ အထိ စီးပွားဖြစ် ရှာကြတယ်" ဟု ထိုကျောက်ပွဲစားက ပြောသည်။

ရေမဆေးကျောက်ရှာဖွေသူများသည် အများအားဖြင့် ကုမ္ပဏီများလုပ်ကွက်များရှိ
စွန့်ထုတ်မြေစာပုံများတွင် ကျောက်ရှာဖွေခြင်းဖြစ်သည်။

ရေမဆေးကျောက်ရှာဖွေသူများ ရရှိလာသည့်ကျောက်ကို ၀ယ်ယူရန် ရွှေပြည်သာကျေးရွာ
ညဈေးတန်းတွင် ကျောက်ပွဲစားများ အဆင်သင့် စောင့်ကြိုလျက်ရှိသည်။

အဆိုပါ ညဈေးတန်းသည် ညနေပိုင်းအချိန်မှစ၍ ကျောက်ဝယ်သူနှင့် ကျောက်ရောင်းသူများဖြင့်
ပျားပန်း ခတ်မျှ စည်ကားလျက်ရှိသည်။ အဆိုပါညဈေးတန်းမှာ လွန်ခဲ့သည်တစ်နှစ်ခန့်က
ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"အရင်က ကျောက်ဈေးတန်း မရှိဘူး။ တစ်နှစ်တောင် မရှိသေးပါဘူး။ သိရသလောက်တော့
ရေမဆေးတွေအတွက် ထမင်းစားကျောက် သောင်းဂဏန်း သိန်းဂဏန်း လောက်ပါပဲ၊ နိုင်ငံတော်အခွန်
ဆုံးရှုံးလောက်တဲ့ အထိတော့ မထင်ပါဘူး" ဟု ရွှေပြည်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝေက
ပြောသည်။

ညကျောက်ဈေးတန်းသို့ မန္တလေးနှင့် ရှမ်းပြည်နယ်ဒေသမှ ကျောက်ပွဲစားများ တစ်ပတ်တစ်ကြိမ်ခန့်
လာရောက်ဝယ်လေ့ရှိပြီး အများဆုံးလာရောက်ဝယ်ယူသူ များမှာ တရုတ်လူမျိုးကျောက်ပွဲစားများ
ဖြစ်သည်။

နန်စီဘွန်မှော်တွင် ညနေပိုင်းအလုပ်သိမ်းချိန် ပြန်လာသည့် ကုမ္ပဏီမှ အလုပ်သမားများ။ အောင်ကျော်မင်း/မြန်မာတိုင်း(မ်)

ကုမ္ပဏီပိုင်လုပ်ကွက်များတွင် ရေမဆေးကျောက် ရှာဖွေမှုပြဿနာ

၂၀၁၃ ခုနှစ်အတွင်း ကုမ္ပဏီများ တစ်ကျော့ပြန် စတင် ၀င်ရောက် လုပ်ကိုင်လာပြီးနောက်
ဒေသခံကျောက်ရှာသူများသည် စွန်ပစ်မြေစာပုံဟောင်းများတွင်သာ ရှာဖွေခဲ့ကြသည်။

၂၀၁၅ ခုနှစ်တွင် ဒေသခံများ၏ တောင်းဆိုမှုအရ ကုမ္ပဏီများက စွန့်ထုတ်မြေစာများ ထုတ်ပေးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီများက ကျောက်ကြောမြေစာ တူးဖော်မှုရပ်ဆိုင်းပြီးနောက် ဒေသခံများက
လုပ်ကွက်များအတွင်း ၀င်ရောက်ကျောက် ရှာဖွေခဲ့ရာ တားမြစ်မှုများ ပေါ်ပေါက်ခဲ့သည်။

နောက်ပိုင်းတွင် ဒေသခံများ၏ တောင်းဆိုမှုကြောင့် ကုမ္ပဏီများက ပြန်လည်ခွင့်ပြုခဲ့သည်။

"မိုးတွင်းရောက်ရင် ရေကြီးမှာမို့ ၀င်ရှာခွင့်ပြုဖို့ မေတ္တာရပ်ခံတော့ သူတို့က သဘောတူခဲ့တယ်။
ပထမတော့ သင့်တင့်ရုံပဲ။ နောက်တော့ ဒေသခံတွေက သူတို့ နီးစပ်ရာ မိတ်ဆွေအပေါင်းသင်းတွေကို
ခေါ်လိုက်တော့ လုပ်ငန်းက ကျပ်သွားတယ်။ လုပ်ကွက်တွေရေပြည့်သွားတော့ ဒေသခံနဲ့
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က တက်လာသူတွေ အလုပ်မရှိဘူး ဖြစ်သွားတယ်။ အဲဒီမှာ
ရွှေ့ပြောင်းလုပ်သားတွေက အလုပ်မရှိတော့ ကုမ္ပဏီတွေရဲ့ ကျောက်ကြောမြေစာပုံတွေကို
၀င်ရှာကြတာပဲ" ဟု ရွှေပြည်သာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသက်မှူး (ခေါ်) ဦးသန်းနိုင်က
ပြောသည်။

ဒေသအသီးသီးမှ ရောက်ရှိလာသော ရေမဆေး ကျောက်ရှာဖွေသူများသည် ကုမ္ပဏီများအပေါ်
သံသယ ဖြင့် ရှုမြင်လျက်ရှိသည်။

ကုမ္ပဏီများသည် သက်တမ်းကုန် လုပ်ကွက်များတွင် ဆက်လက်လုပ်ကိုင်နေခြင်းနှင့်
စက်ယန္တရားများကို အလွန်အကျွံ အသုံးပြုကာ ကျောက်မျက်ရှာဖွေတူးဖော်နေခြင်း၊ တူးဖော်ရရှိသော
ကျောက်မျက်ရတနာများအတွက် အခွန်တိမ်းရှောင်ခြင်းများအတွက် ကြီးကြပ်စစ်ဆေးရာတွင်
အားနည်းလျက်ရှိ သည် ဟု ဒေသခံများက ပြောသည်။

ကုမ္ပဏီများသည် ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ လုပ်ကိုင်နေခြင်း ရှိ၊ မရှိ
စစ်ဆေးရန် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးကိုယ်တိုင် လာရောက်
စစ်ဆေးခဲ့စဉ်အတွင်း တင်ပြတောင်းဆိုခဲ့ကြောင်း ဦးသက်မှူးက ပြောသည်။

"ရွှေ့ပြောင်းလုပ်သားဆိုပေမဲ့လည်း သူတို့လည်း တိုင်းရင်းသား နိုင်ငံသားတွေပဲ။ သူတို့ကို
မောင်းထုတ်လို့ မရသလို ဘယ်လိုပုံစံနဲ့ ကိုင်တွယ်နိုင်မလဲဆိုတာ တင်ပြတောင်းဆိုခဲ့တယ်၊
ကုမ္ပဏီတွေကိုလည်း ဥပဒေနဲ့ ညီ၊မညီ စစ်ဆေးပေးဖို့ တင်ပြခဲ့တယ်" ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ရွှေပြည်သာကျေးရွာအနီး လက်လုပ်မိုင်းထောင်မှုနှင့် မိုင်းပေါက်ကွဲမှုများ
ဖြစ်ပေါ်ခဲ့ရာ ကျောက်မျက်ရှာဖွေရေးကုမ္ပဏီများအပေါ် ဒေသခံရွာသားများ၏ သံသယ
ပိုမိုကြီးထွားလာခဲ့သည်။

"အဲဒီမိုင်းကိစ္စကို တအား သိချင်တယ်။ ဘယ်ကုမ္ပဏီက လုပ်သလဲ သိချင်တယ်။ အခုချိန်ထိ
မပေါ်သေးဘူး။ တစ်နယ်လုံးကလည်း အကုန်သိချင်ကြတယ်" ဟု ရွှေပြည်သာ ကျေးရွာနေ
ဒေါ်သီတာက ပြောသည်။

ခန္တီးရတနာမြေအတွင်း တရားဝင်လုပ်ကိုင်ခွင့် ရရှိထားသည့် ခိုင်နန်းရွှေ၊ ဇမ္ဗူသီရိ၊ ရာစုပန်း၊
မြောက်ကျွန်းသူမမ၊ ထက်ရည်လင်း၊ မင်းထက်ဦးနှင့် ညီနောင်ကုမ္ပဏီများ၏ အုပ်ချုပ်မှုဧရိယာအတွင်းရှိ
ကျောက်ကြောပါ မြေစာပုံများတွင် ဥပဒေမဲ့ ရေးမဆေးကျောက်ရှာဖွေခြင်း မပြုရန်နှင့် တရားမဝင်
နေထိုင်ခြင်းများကို သတ်မှတ်ကာလအတွင်း ဖယ်ရှားပေးရန် ပြီးခဲ့သည့် ဇန်နဝါရီလတွင်
သက်ဆိုင်ရာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခဖြေရှင်းရေး

နန်စီဘွန်ရတနာမြေတွင် ကုမ္ပဏီများနှင့် ရေမဆေးကျောက်ရှာဖွေသူများအကြား ၂၀၁၆ ခုနှစ်တွင်
ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ရာ ယနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေး။

ရေမဆေးကျောက်ရှာဖွေသူများသည် ကုမ္ပဏီပိုင် ခြံဝင်းခတ်ထားသော စွန့်ပစ်မြေစာပုံများသို့
၀င်ရောက် ကာရှာဖွေခြင်းမှတစ်ဆင့် ကုမ္ပဏီက ရှာဖွေရန် စုပုံထားသော ကျောက်ကြောမြေစာပုံများ
အထိ ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်လာသည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်၊ မေလနှင့်ဇွန်လများတွင် ကုမ္ပဏီပိုင်လုပ်ကွက်များအတွင်း ခြံခတ်ထားသော
ကျောက်ကြောမြေစာပုံများတွင် ရေမဆေးကျောက်ရှာဖွေသူများ ကျူးကျော်ဝင်ရောက်ကာ
ရေမဆေးကျောက်လုယက်ရှာဖွေကြသဖြင့် တားဆီးပေးရန် ကုမ္ပဏီများက တာဝန်ရှိသူများထံ
တင်ပြခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနက၂၀၁၆ ဒီဇင်ဘာလ တွင် နန်စီဘွန်ဒေသသို့ အမှတ်(၁၆) လုံခြုံရေး
ရဲတပ်ဖွဲ့ခွဲကို စေလွှတ်ခဲ့သည်။ အင်အား ၁၀၀ ခန့်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်
အင်အား ၅၀၀ ခန့်ရှိသည့် ရေမဆေးကျောက်ရှာဖွေသူများ အကြား ထိပ်တိုက်တွေ့ဆုံမှုများ
ဖြစ်ပွားခဲ့သည်။

ကျောက်မျက်ဥပဒေအရ တားမြစ်ထားသော ရတနာ နယ်မြေတွင်း ၀င်ရောက်နေထိုင်ရုံသာမက
တရားဝင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီဝင်းများ၏ လုပ်ကွက်များအတွင်း ၀င်ရောက်ကျူးကျော်ကာ
ရေမဆေးကျောက်ရှာဖွေနေခြင်းက တရားဥပဒေစိုးမိုးအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထိပ်တိုက်တွေ့ဆုံမှုများတွင် ပဋိပက္ခအသွင် မဖြစ်အောင် ထိန်းသိမ်းဖြေရှင်းနိုင်ခဲ့သော်လည်း
ရေမဆေးကျောက်ရှာသမားများ အင်အားများသဖြင့် ထိရောက်စွာ ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း
အမှတ် ၁၆ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး ဇေယျာကျော်က ပြောသည်။

လက်ရှိတွင် ကုမ္ပဏီများနှင့် ရေမဆေးကျောက်ရှာဖွေသူများအကြား ပေါ်ပေါက်လျက်ရှိသော
ပြဿနာများကို အဖြေရှာနိုင်ရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက
ပါ၀င်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

တရားဝင် ဥပဒေကြောင်းအရ မဖြေရှင်းနိုင်သေးမီ လတ်တလောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်
ကျောက်မျက် တူးဖော်ရေးကုမ္ပဏီများ၊ ရေမဆေးကျောက်ရှာဖွေသူများနှင့် ၈၈ (ငြိမ်း/ပွင့်) ပါ၀င်သည့်
သုံးပွင့်ဆိုင်အဖွဲ့က ရည်ရွယ်ထားသည်။

ကုမ္ပဏီလုပ်ငန်းခွင်အတွင်း ရေမဆေးကျောက်ရှာဖွေသူများ ကျူးကျော်ဝင်ရောက်မလာစေရန်
ကုမ္ပဏီများက စွန့်ထုတ်မြေစာကို တစ်ရက်လျှင် မြေသယ်ယာဉ်ကားကြီး ငါးစီးခန့်ထုတ်ပေးရန်
မတ်လအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။

ရေမဆေးကျောက်ရှာဖွေရန် ရွှေ့ပြောင်းလာသူ များပြားလာသဖြင့် စွန့်ပစ်မြေစာပုံများတွင်
ကျောက်ရှာဖွေရာမှာ ကုမ္ပဏီပိုင် ကျောက်ကြောမြေစာပုံများတွင် ၀င်ရောက် ရှာဖွေရခြင်းဖြစ်ကြောင်း
ရေမဆေးလုပ်သားများ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးချိုတူးက ပြောသည်။

ကုမ္ပဏီများနှင့် ရေမဆေးကျောက် ရှာဖွေသူများ အကြား ၂၀၁၆ ခုနှစ်အတွင်း စတင်ခဲ့သော
ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်သုံး ယာဉ်ယန္တရား
ထိခိုက်ပျက်စီးမှုများ ပေါ်ခဲ့သည်ဟု ဆိုသည်။

ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ထက်ရည်လင်းကုမ္ပဏီတစ်ခုတည်းတွင်ပင်
မြေသယ်ယာဉ် ကား ခုနစ်စီး၊ မြေတူးစက်လေးစီး၊ ဆီဂါလန်အလုံးပေါင်း ၁၂၀ ခန့်
ဖျက်ဆီးခံခဲ့ရကြောင်း၊ အလားတူ မျှော်စင်များ၊ ခြံစည်းရိုးဝင်းများ ဖျက်ဆီးခံရခြင်းနှင့်
ကုမ္ပဏီဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့သည်ဟု ထက်ရည်လင်းကုမ္ပဏီ
တာဝန်ခံ ဦးမြမောင်းက ပြောသည်။

တူးဖော်လျက်ရှိသော ကုမ္ပဏီများသည် ကျောက်မျက်ဥပဒေနှင့်အညီ တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်
ရရှိထားခြင်းဖြစ်ပြိး နိုင်ငံတော်ကို အခွန်ပေးသွင်းကာ တရားဝင် လုပ်ခွင့်ရရှိထားသော်လည်း
၂၀၁၆ မေလပိုင်းမှ စတင်ကာ လုပ်ငန်းများ ရပ်ဆိုင်းရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု
ဆိုသည်။

နန်စီဘွန်ကျောက်မှော်ရှိ ကျောက်အရောင်းအဝယ်ပြုလုပ်ရာ ရွှေပြည်သာ ညဈေးတန်း။ အောင်ကျော်မင်း/မြန်မာတိုင်း(မ်)

ခန္တီးရတနာမြေတွင် လုပ်ကိုင်လျက်ရှိသည့် ခိုင်နန်းရွှေ၊ ဇမ္ဗူသီရိ၊ရာစုပန်းတိုင်၊ ထက်ရည်လင်းနှင့်
မြောက်ကျွန်းသူမမ ကုမ္ပဏီများတွင် ၀န်ထမ်းအင်အားပေါင်း ၂,၃၀၀ ကျော်နှင့် မှီခိုသူဝန်ထမ်းဦးရေ
၈,၈၀၀ ကျော်ရှိသည်ဟု ဆိုသည်။

"အဆင့်ဆင့်လည်း တင်ပြခဲ့ပြီးပြီ။ အခုချိန်ထိ ဘာမှ မဖြစ်သေးဘူးဆိုတော့ ကုမ္ပဏီတွေ
နစ်နာဆုံးရှုံးသလို နောက်ထပ် ဘယ်လို ရှေ့ဆက်ရဦးမယ်ဆိုတာ မသိသေးဘူး။ နိုင်ငံတော်လည်း
အကျိုးအမြတ်ရှိအောင် ကုမ္ပဏီတွေလည်း ရေရှည်ရပ်တည်နိုင်အောင် နိုင်ငံတော်အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်" ဟု ဦးမြမောင်က ပြောသည်။

နန်စီဘွန်ဒေသတွင်း ဖြစ်ပွားနေသော ရေမဆေးကျောက် ရှာဖွေသူများပြဿနာတွင် ရွှေပြည်သာ
ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများကို ထိန်းသိမ်းနိုင်သော်လည်း ဒေသအသီးသီးမှ
၀င်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ဒေသတွင်း
တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရန် ဌာနဆိုင်ရာ တာဝန်ရှိသူများထံ
တင်ပြတောင်းဆိုထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝေက ပြောသည်။

နန်စီဘွန်ဒေသတွင်း ရေမဆေးကျောက်ရှာရေးအလုပ်သမား ခေါင်းဆောင်များကောက်ယူထားသော စာရင်းအချက်အလက်များအရ ညောင်တပင်၊ မှော်သစ်၊ မြေနီကုန်း၊ ၅၇(ငါးခွန်)မှော်နှင့် မှော်လုံတွင်
ပျမ်းမျှ လူဦးရေ ၈,၁၅၀ ခန့် နှင့် တဲအရေအတွက် ၁,၄၇၀ ခန့် ရှိသည်။

"ဒါတွေက ကျေးရွာပြင်ပ ရတနာနယ်မြေမှာ ကျူးကျော် ဆောက်လုပ်ထားတဲ့ ရေဆေးကျောက်ရှာ
သမားတွေကို ကောက်ယူထားတာ။ ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးလူငယ် မပါဘူး။
ယာယီဝင်ထွက် သွားလာနေတဲ့ ရွှေ့ပြောင်းသမားတွေ မပါဘူး၊ တဲမဟုတ်တဲ့ ကျူးကျော်ပြီး အခိုင်အမာ
ဆောက်ထားတဲ့ အိမ်တွေ မပါဘူး" ဟု ဦးချိုတူး က ပြောသည်။

တစ်နှစ်တာကာလအတွင်း ကုမ္ပဏီလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိပဲ
လာမည့်နှစ်များတွင် ထပ်မံကြုံတွေ့မည်ဆိုပါက ကုမ္ပဏီများ ရပ်ဆိုင်းကာ ၀န်ထမ်းများ
အလုပ်လက်မဲ့ဖြစ်စေနိုင်ကြောင်း ကုမ္ပဏီလုပ်ငန်းရှင်များက ပြောသည်။

"အဓိက ပြဿနာက တရားဥပဒေ မစိုးမိုးတာပဲ။ ဒီကြား ကာလမှာ ကျောက်ရှာသူတွေ တိုးတိုးလာတော့
ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုတွေမှာ ရပ်ဆိုင်းထားရတယ်။ ဒီပြဿနာကို အဆင့်ဆင့်တင်ပြလို့
ဌာနဆိုင်ရာ အသီးသီးက ၀င်ရောက်စစ်ဆေးပြီးပြီ။ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ
ကုမ္ပဏီပိုင်လုပ်ကွက်တွေကို တရားဝင် ဟုတ်၊မဟုတ် လာစစ်ဆေးပြီးပြီ။ ဥပဒေအရ
တရားဝင်ဖြစ်ကြောင်း ဒေသခံတွေကို အကြိမ်ကြိမ် ရှင်းပြထားပြီ" ဟု မြောက်ကျွန်းသူမမ ကုမ္ပဏီ၏
အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းလင်းရှိန်က ပြောသည်။

ကျောက်မျက်တူးဖော်ခြင်းနှင့် ဥပဒေ

ကျောက်စိမ်းရိုင်းထုတ်လုပ်မှုနှင့် ရတနာခွန်ရငွေ စာရင်းဇယားအရ ခန္တီးရတနာနယ်မြေဒေသသည်
၂၀၁၃ျွ၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ငွေသိန်းပေါင်း ၁,၈၄၃၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း
၄,၁၅၈ နှင့့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း ၆,၂၅၅ ကျပ် ရှာဖွေပေးထားသည်။

ခန္တီးရတနာနယ်မြေအတွင်းရှိ ဒေသခံများနှင့် ဒေသအသီးသီးမှ ရွှေ့ပြောင်းဝင်ရောက်လာသူများကို
ဥပဒေအရ တရားဝင် ခံစားရရှိပိုင်ခွင့် ပေးထားခြင်း မရှိ ပေ။ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ
ဥပဒေကို ၂၀၀၃ ခုနှစ်၊ ဇွန်လတွင် ပထမအကြိမ် ပြင်ဆင်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဒုတိယအကြိမ် ပြင်ဆင်ခဲ့သည်။ ခန္တီးရတနာနယ်မြေဒေသရှိ
ကုမ္ပဏီများသည် ၁၉၉၅ ခုနှစ် ဥပဒေအရ လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး ဥပဒေလုပ်ထုံး
လုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီက
ပြင်ဆင်ခဲ့သော ဒုတိယအကြိမ် ပြင်ဆင်သည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေသည် တစ်နှစ်ကျော်
ကြာသည့်တိုင် နည်းဥပဒေများ ထွက်ရှိလာခြင်း မရှိသေးသဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ခန္တီးမြို့နယ် ကျောက်မျက်ရတနာဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဝေက ပြောသည်။

၁၉၉၅ ခုနှစ် ဥပဒေအရ ကျောက်မျက်ရတနာမြေရှိ လုပ်ကွက်များကို ကုမ္ပဏီများကိုသာ
လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုထားပြီး အသေးစားနှင့် လက်လုပ်လက်စား ပြုလုပ်လိုသည့်
ဒေသခံတိုင်းရင်းသား ပြည်သူများကို ခွင့်ပြုထားခြင်း မရှိပေ။

ဒုတိယအကြိမ် ပြင်ဆင်သည့် မြန်မာ့ကျောက်မျက် ရတနာ ဥပဒေအတွင် အကြီးစားတူးဖော်
ထုတ်လုပ်ခွင့် သာမက ဒေသခံပြည်သူများအတွက် အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စား
တူးဖော်ထုတ်လုပ်ခြင်းများအတွက် ထည့်သွင်းရေးဆွဲထားသည်။

နိုင်ငံတော်ကို အခွန်ပေးသွင်းကာ ကျောက်မျက်ရှာဖွေခြင်းကို တရားဝင်ရောင်းချလုပ်ကိုင်ခွင့် ရရှိရန်
တောင်းဆိုထားကြောင်း ရေမဆေးကျောက်ရှာရေးသမားတစ်ဦးဖြစ်သူ ဦးစိုးသန်းက ပြောသည်။

"ဖြစ်နိုင်ရင် ကျွန်တော်တို့ ရေမဆေးတွေအနေနဲ့လည်း နိုင်ငံတော်ကို တရားဝင်ပေးဆောင်ပြီး
လုပ်ချင်ကြတယ်။ ဒါပေမဲ့ ဥပဒေမှာ ခွင့်ပေးမထားဘူး၊ လုံးဝ ကန့်သတ်ထားတယ်။ အခုအခြေအနေက
နိုင်ငံသား တစ်ယောက်အနေနဲ့ အခွန်ထမ်းဆောင်ချင်တာတောင် ဥပဒေအရ
ကန့်သတ်ခံထားရတယ်"ဟု ၎င်းက ပြောသည်။

ကျောက်မျက်ဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ လမ်းညွန်ချက်ကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ
အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် နိုင်ငံသား၏ ရပိုင်ခွင့်နှင့်
အခွင့်အရေးများကို ပြည်ထောင်စု လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင်
တင်ပြတောင်းဆိုရမည် ဖြစ်ကြောင်း ဦးထွန်းဝေက ပြောသည်။

"အခုကိစ္စက တရားဥပဒေမစိုးမိုးလို့၊ ဥပဒေအတိုင်းဆို ရေးမဆေးတွေအနေနဲ့ ကုမ္ပဏီဝင်းထဲကို
၀င်ရောက်စရာအကြောင်း မရှိဘူး။ အခုပြောနေတာက သူတို့ကို နစ်နာစေချင်လို့ ပြောနေတာ
မဟုတ်ဘူး။ လုပ်ငန်းခွင်ကို မထိခိုက် စေလို့ ကျောက်ကြောမြေပေါ်မှာ မရှာပါနဲ့ပြောတာ" ဟု
ဦးထွန်းလင်းရှိန်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး