ရေနံချောင်းမြို့တွင်ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ်များသည်ခွဲခြားဆက်ဆံခံရမှုနှင့်လမ်းအသုံးပြုမှု
ကန့်သတ်ခံရခြင်းစသည့်သတ်မှတ်ချက်များအားရင်ဆိုင်နေရပြီး အဆိုပါကန့်သတ်ချက်များအား
သက်ဆိုင်ရာဌာနများမှပြင်ဆင်ပေးရန်တောင်းဆိုသည့်ဆန္ဒပြပွဲအားယခုလ၂၂ရက်နေ့နံနက်ပိုင်းက
ပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့ပေါ်ရှိလမ်းတိုင်းအား သုံးဘီးဆိုင်ကယ်များသွားလာခွင့်ရရှိရေး၊ သုံးဘီးဆိုင်ကယ်များ
အကြားခွွဲခြားဆက်ဆံမှုမရှိရေး၊ဥပဒေနှင့်မညီသောစည်းကမ်းသတ်မှတ်ချက်များပပြောက်ရေးနှင့်
ယာဉ်ကြီးကြပ်ရေးကော်မတီဖျက်သိမ်းပေးရေး ဟူသည့်အချက်၄ချက်အားဆန္ဒပြသူများမှ
တောင်းဆိုခဲ့ကြသည်။
“ကျွန်တော်တို့သုံးဘီးတွေဆွဲဖို့ပေးထားတဲ့လမ်းကအရမ်းအန္တရာယ်များ တယ်၊တစ်လမ်းမောင်းဆိုပြီး
သတ်မှတ်ထားတဲ့လမ်းကိုအသွားရောအပြန်ပါလမ်းပြောင်းပြန်မောင်းနေရတာပါ၊အဲဒီလမ်းကဟိုက်ဝေး
သွားတဲ့မှန်လုံကားတွေအတွက်သတ်မှတ်ထားတဲ့တစ်လမ်းမောင်းလမ်းပါ၊လမ်းကလည်းကားကြီး
တစ်စီးစာပဲဆန့်တော့အရမ်းကျဉ်းတယ်၊ကျွန်တော်တို့ကလမ်းပြောင်းပြန်မောင်းရတော့ခရီးသည်
အတွက်ရော ကျွန်တော်တို့အတွက်ပါပိုပြီးအန္တရာယ်များတယ်”ဟုဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်
သည့်သုံးဘီးယာဉ်မောင်းကိုဇော်သက်ထွန်းမှဆိုသည်။
သုံးဘီးယာဉ်များအားအသုံးပြုရန်သတ်မှတ်ထားသည့်လမ်းမှာ ရေနံချောင်းမြို့့မှဖြတ်သန်းသွားမည့်
အဝေးပြေးကားများအသုံးပြုရန်သတ်မှတ်ထားသည့်လမ်းဖြစ်၍အကွေ့အကောက်အတက်အဆင်းများ
သည့်လမ်းကျဉ်းဖြစ်ကြောင်းသုံးဘီးယာဉ်မောင်းများမှဆိုသည်။ ရေနံချောင်းမြို့တွင်းပြေးဆွဲနေသည့်
သုံးဘီးဆိုင်ကယ်လိုင်း၃ လိုင်းရှိပြီး၄င်းလိုင်းများမှကုန်တင် လိုင်စင်(က)လိုင်စင်နှင့်စင်းလုံးငှား
လိုင်စင်(ဂ)လိုင်စင်သတ်မှတ်ထားသည့်သုံးဘီးဆိုင်ကယ်များအားထိုသို့ကန့်သတ်ထားခြင်းဖြစ်ကြောင်း
ကိုဇော်သက်ထွန်းမှပြောသည်။
အဆိုပါသတ်မှတ်ချက်အားယခုလ၃ရက်နေ့ကရေနံချောင်းမြို့ပုဂ္ဂလိကပိုင်လုပ်ငန်း သုံးမော်တော်ယာဉ်
လိုင်းများကြီးကြပ်ရေးကော်မတီမှထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါကော်မတီ၏မှတ်တမ်းများအရ
သိရသည်။
“ဥပဒေဆိုတာကွက်ကြားမိုးရွာသလိုတော့မဖြစ်သင့်ပါဘူး၊တတိုင်းပြည်လုံးကအသင်းအဖွဲ့အားလုံး
ဌာနဆိုင်ရာအားလုံးကတညီတစ်ညွတ်ထဲလိုက်နာသင့်ပါတယ်၊အခုလိုသတ်မှတ်တာတွေကလည်း
ညီတူမျှတူမဖြစ်တဲ့အတွက်ဆန္ဒပြရတာပါ”ဟုဆန္ဒဖေါ်ထုတ်ခဲ့သည့်သုံးဘီးယာဉ်မောင်းတစ်ဦးဖြစ်သူ
ဦးအောင်မင်းသူကဆိုသည်။ အဆိုပါဆန္ဒဖေါ်ထုတ်ပွဲတွင်သုံးဘီးယာဉ်အစီး၃၀ခန့်ပါ၀င်ခဲ့ပြီး
ရေနံချောင်းမြို့တွင်းကုန်းရပ်ကွက်မှစတင်၍ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှှုးရုံးရှေ့သို့မြို့တွင်း
လှည့်လည်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒဖေါ်ထုတ်ပွဲမှတောင်းဆိုချက်များအပေါ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ဖြေရှင်းချက်
တင်ပြထားပြီးသက်ဆိုင်ရာဌာနများ၏ညွှန်ကြားမှုများအတိုင်းဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်းရေနံချောင်းမြို့ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ
ဥက္ကဌဦးဝင်းမောင်က ပြောသည်။
















