မန္တလေးကျောက်စိမ်းစျေးကွက် မိုးတွင်းတွင် ပြန်ကောင်းလာရန်မျှော်လင့်

မန္တလေးကျောက်စိမ်းစျေးကွက် မိုးတွင်းတွင် ပြန်ကောင်းလာရန်မျှော်လင့်

မန္တလေးမြို့ မဟာအောင်မြေရတနာ ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်း
ကျောက်စိမ်းအရောင်းအဝယ်မှာ သင်္ကြန်အပြီးတွင် အသင့်အတင့်သာ အရောင်းအဝယ်
ရှိနေသော်လည်း လာမည့် လအနည်းငယ်အတွင်း စျေးကွက်ပြန်သွက်ရန်
မျှော်လင့်ကြောင်း ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတချို့က ပြောသည်။

စျေးကွက်အတွင်း လတ်တလော ကျောက်အရောင်းအဝယ်အခြေအနေမှာ အားရစရာ
မကောင်းသေးကြောင်း၊ စျေးကောင်း မရသဖြင့် လက်တွေ့ ထုတ်ရောင်းမည့် ကျောက်
ရှားနေကာ မန္တလေးစျေးကွက်ထက် မှော် (ဖားကန့်)တွင် အရောင်းအဝယ် လုပ်ရသည်မှာ
ပိုမိုကောင်းမွန်နေကြောင်း၊ သို့သော် လာမည့် မိုးတွင်းကာလတွင်မူ မန္တလေးစျေးကွက်
တွင် အရောင်းအဝယ် ပြန်လည်သွက်လက်လာမည်မှန်းကြောင်း ကျောက်အရောင်း
အဝယ်လုပ်ကိုင်သူ ဦးစိုးညွန့်က ပြောသည်။

''မန္တလေးစျေးကွက်မှာက အရင်က ဝယ်တဲ့စျေးနဲ့စာရင် အခုရတဲ့စျေးက မကိုက်ဘူး
ဖြစ်နေပါတယ်။ ကျောက်တွေ ရှိပေမဲ့ လက်ထဲမှာပဲ ကိုင်ထားတဲ့သူတွေရှိတော့
ကျောက်ရှားသလို ဖြစ်နေပါတယ်။ မှော်ထဲမှာက လတ်လတ်ဆတ်ဆတ် ကျောက်
ဆိုတော့ဝယ်တဲ့သူကလည်း စျေးကောင်းပေးတယ်။ ဒါပေမဲ့ မိုးတွင်းပိုင်းရောက်ရင်
မှော်ထဲမှာလည်း စက်ကြီးနဲ့ တူးတာတွေ နားနိုင်တယ်။ကျောက်ထွက်တာ နား
သွားနိုင်တာကြောင့်အဲဒီအချိန်ကျရင် မန္တလေးစျေးကွက်ဘက်ပြန်လှည့်လာနိုင်ပြီး
အရောင်းအဝယ် ပြန်သွက်မယ်ထင်တယ်''ဟု ဦးစိုးညွန့်က ယခုလ ၂၅ ရက်တွင်
ပြောသည်။

ယခင်က ဖားကန့်မှော်ထဲတွင် ကျောက်ဝယ်ပြီး မန္တလေးဆင်း၍ ပြန်ရောင်းနိုင်သော်
လည်း ယခုအခါ ဖားကန့်မှာပင် ပြန်ရောင်းဖြစ်နေကြောင်း၊ သင်္ကြန်အပြီး မန္တလေး
ကျောက်ဝိုင်းတွင် စည်ကားမှု အသင့်အတင့်သာရှိကြောင်း ပြောသည်။

ပွင့်ကောင်း ကျောက်စိမ်းလုပ်ငန်းမှ ဦးသန်းဝင်းက လာမည့် ဇွန်လအတွင်း
နေပြည်တော်၌ ကျောက်မျက်ပြပွဲရှိသည်ဟု သတင်းကြားပြီး နိုင်ငံခြားသားများ
ပါလာနိုင်သည့်အတွက် စျေးကွက် ပိုမိုလှုပ်ခတ်လာနိုင်ကြောင်း ပြောသည်။

''သင်္ကြန်မတိုင်မီမှာ လုပ်သွားတဲ့ ပြပွဲကပြည်တွင်းက ကျောက်မျက်ကုန်သည်
တွေသာ ပြသရောင်းချတဲ့ ပွဲပေါ့။ လာမယ့်ပွဲကတော့ ကျောက်စုံ၊ လူစုံမယ်ထင်
တာကြောင့် စျေးကွက်အခွင့်အလမ်း ပိုလာမယ်ထင်တယ်''ဟု ဦးသန်းဝင်းက
ပြောကြားသည်။

မြန်မာ့ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ပြသရောင်း
ချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမဝင်းတွင် သင်္ကြန်မတိုင်မီ
ပြီးခဲ့သော မတ် ၁၉ ရက်မှ စတင်၍ ၂၄ ရက်အထိ နောက်ဆုံးအကြိမ်အဖြစ်
ပြသရောင်းချထားကာကျောက်မျက်အတွဲ ၁၉၅ တွဲနှင့် ကျောက်စိမ်းအတွဲ ၄,၄၅၄
တွဲကို ပြသ ရောင်းချခဲ့သည်။ကျောက်မျက်ပြပွဲများမှာ ကုန်သည်ကြီးများအတွက်
ကောင်းမွန်သော်လည်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများအတွက် လုပ်ကိုင်ရခက်
စေသည်ဟု ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတချို့က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး