ရွှေကုန်သွယ်လုပ်ငန်းအခွန်ကို ဧပြီ ၁ ရက်မှစတင် ကောက်ခံသည့်နောက်ပိုင်း
ပန်းထိမ်လုပ်ငန်းများတွင် ရွှေထည်အပ်မှု နည်းပါးလာကြောင်း ရွှေပန်းထိမ်
လုပ်ကိုင်သူများက ယခုလ ၂၄ ရက်ကပြောသည်။
အခွန်စတင်ပြီး ကောက်ခံမည်ဟု သတင်းထွက်ပေါ်သည့်အချိန်မှ စတင်ပြီး ရွှေဆိုင်များမှ
ပန်းထိမ်လုပ်ငန်းများထံသို့ ရွှေထည်အပ်မှု နည်းပါးလာကြောင်း ချမ်းမြသာစည်မြို့နယ်
အတွင်းမှ ပန်းထိမ်လုပ်ကိုင်သူ ကိုနောင်နောင်က ပြောသည်။
''စပြီး သတင်းထွက်နေကတည်း အလုပ်လုပ်ရတာ နည်းပါးလာတာပါ။ အခုတော့သိသိ
သာသာ ဖြစ်လာပြီ။ သင်္ကြန်ပြီးရင် ပုံမှန်အလုပ်ပါးတာ ဖြစ်တဲ့အတွက် မပူပေမဲ့ အခုတော့
အခွန်ကြောင့် ရွှေဆိုင်က အထည်အပ်တာ နည်းလာတဲ့အတွက် စိုးရိမ်နေရပါပြီ'' ဟု ၄င်းက
ပြောသည်။
ရွှေဆိုင်များမှ အပ်ထည်များ နည်းပါးလာကြောင်း ပန်းထိမ်ဆရာတစ်ဦးဖြစ်သူ ကိုနောင်နောင်
ကလည်းပြောသည်။
''အရင်က သုံးကျပ်သားပေးပြီး အပ်ရင် အခုတော့ နှစ်ကျပ်သား၊ တစ်ကျပ်သားလောက်ပဲ
ပေးတော့တာပါ။ ကြာလာရင်စားဝတ်နေရေးအတွက် စိုးရိမ်ရပါတယ်။ နောက်ပိုင်းတွေမှာ
အပ်ထည်မရရင် ပိုပြီးဒုက္ခရောက်နိုင်ပါတယ်။ အခွန်ကောက်ခံတဲ့အတွက် တကယ့်
လက်လုပ်လက်စားတွေအတွက် အခက်အခဲဖြစ်လာပါပြီ''ဟု ၄င်းကပြောသည်။
''အရင်က ဆိုင်ကို အထည်ပြန်အပ်ရင်နောက်ထပ် အထည်အတွက် ချက်ချင်းရပါတယ်။
အခုတော့ နောက်ထပ်အထည်ရဖို့ နှစ်ရက်၊ သုံးရက်လောက် စောင့်နေရတယ်။
ပန်းထိမ်မှာလည်း လက်ခစားသူတွေ ရှိတဲ့အတွက် သူတို့တွေရဲ့ မိသားစု
စားဝတ်နေရေးအတွက်လည်း စိုးရိမ်ရပါတယ်''ဟု ပန်းထိမ်ဆရာတစ်ဦးဖြစ်သူ
ကိုနေဇော်မျိုးကလည်း ပြောသည်။
ပန်းထိမ်လုပ်ကိုင်သူများသည် လက်ခအနေဖြင့် နှစ်ရက်ခြားတစ်ခါ လက်ခကျပ်
၁၅,ဝဝဝ ခန့် ရသော်လည်း ယခုအခါတွင်ရွှေဆိုင်များမှ အပ်ထည်နည်းပါးလာ
သည့်အတွက် လက်ခများလည်း လျော့နည်းလာကြောင်း လက်ခစားဖြစ်သူ
ကိုကချင်က ပြောသည်။
''အရင် ၁၅,ဝဝဝ လောက်တော့ နှစ်ရက်ခြား ပုံမှန်ရပါတယ်။ အခုတော့
၁၅,ဝဝဝ ကပုံမှန်မရတော့ဘူး။ အပ်ထည်တွေ နည်းပါးလာလို့ပါ။ အဓိက
ကတော့ အခွန်ကြောင့်ရွှေဝယ်ဝတ်တဲ့သူတွေက မဝယ်တော့တဲ့အတွက်
ပန်းထိမ်တွေမှာ အလုပ်တွေ နည်းပါးလာတာပါ'' ဟု ¤င်းက ပြောသည်။
ရွှေကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသည့်အတွက် ရေရှည်တွင် ပန်းထိမ်
လုပ်ငန်း လုပ်ကိုင်သူများ နည်းပါးလာပြီးနောက်ပိုင်းတွင် ပန်းထိမ်လုပ်ငန်း
များလည်း ပျောက်ကွယ်သွားနိုင်ကြောင်း ၄င်းတို့က ပြောသည်။
















