သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်
အဖြစ် စာမျက်နှာ ၁ဝ မျက်နှာ ပါရှိသည့် ဇာတိမာန်ကလေးသတင်းစာကို မန္တလေးမြို့တွင်
ဧပြီ ၂၁ ရက်က အခမဲ့ ထုတ်ဝေခဲ့သည်။
''ဆရာကြီး ဟံသာဝတီဦးဝင်းတင် သုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတာပါ။
သတင်းစာထဲမှာ ကလေးပေါင်း ၅ဝ ရဲ့ လက်ရာတွေကို ဖော်ပြထားပါတယ်။
ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ၊ ပန်းချီတွေကို ကလေးတွေဆွဲတာ။ သတင်းဆောင်း
ပါးတွေ၊ အင်တာဗျူးတွေ၊ ခေါင်းကြီးပိုင်းတွေလည်း ကလေးတွေပဲရေးတာပါ'' ဟု
ဇာတိမာန် လူငယ်စာဖတ်အသင်းဥက္ကဋ္ဌ ဦးလှမင်းဦးက ပြောသည်။
ဇာတိမာန် လူငယ်စာဖတ်အသင်းသည် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ အသက် ၁ဝ နှစ်မှ
၁၅ နှစ်အကြားရှိ ကလေးငယ်များကို အခမဲ့ သတင်းစာသင်တန်းပေးခဲ့ကြောင်း၊
ယနေ့အထိ ကလေး ၅ဝ ကို သတင်းစာသင်တန်းပေးပြီးဖြစ်ကြောင်း၊ သတင်းစာ
သင်တန်းဆင်းချိန်နှင့် လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့ စသည့် နေ့ထူးနေ့မြတ်များ
တွင် အလျဉ်းသင့်သလို ထုတ်ဝေခဲ့ကြောင်း ၄င်းက ပြောသည်။
''အဓိကကတော့ ဆရာကြီးက နယ်သာလန်နိုင်ငံမှာ တို့ပြည်ဆိုတဲ့ သတင်းစာကို
ထုတ်ခဲ့တယ်။ သူတစ်ယောက်တည်းနဲ့မြန်မာနိုင်ငံရဲ့ သတင်းတွေကို စုပြီး အခမဲ့
ထုတ်ဝေခဲ့တယ်။ အဲဒါကို လေးစားအားကျတယ်။ ကလေးတွေကိုလည်း ဆရာကြီးရဲ့
ကောင်းမွန်တဲ့စိတ်ဓာတ်တွေ ဖြစ်ပေါ်လာအောင် ထုတ်ဝေရခြင်းဖြစ်တယ်။ ဒီလိုပဲ
ဆရာကြီးကွယ်လွန်တဲ့ နှစ်ပတ်လည်တိုင်းမှာ ထုတ်သွားဖို့ အစီအစဉ်ရှိတယ်'' ဟု
ဦးလှမင်းဦးက ပြောသည်။
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းသုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇာတိမာန်
ကလေးသတင်းစာကို စောင်ရေ ၅ဝဝထုတ်ဝေခဲ့ပြီး အထိမ်းအမှတ်အခမ်းအနား
ကျင်းပသည့် တောင်လေးလုံးကျောင်း၊ ထွန်းဦးစာပေနှင့် ဇာတိမာန်စာကြည့်
တိုက်တို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
















