ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းသုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းသုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်
အောက်မေ့ဖွယ်အခမ်းအနားကို အမရပူရမြို့ ဦးပိန်တံတားအနီး တောင်လေးလုံးကျောင်း
တိုက်တွင် ဧပြီ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

''ဒီပွဲကျင်းပတော့ ဆရာကြီးရဲ့ ပုံရိပ်တွေက ပြန်ပေါ်လာတယ်။ ဆရာဦးဝင်းတင်ဟာ
မန္တလေးမြို့ရဲ့ ထင်ရှားကျော်ကြားတဲ့ နောက်ဆုံးမျိုးဆက် သတင်းစာဆရာ
တစ်ယောက်ပါ။သူ့နောက်မှာ သူ့လိုလူ ပေါ်မလာတော့ဘူး''ဟု စာရေးဆရာ
သင့်နော်က ပြောသည်။

ဆရာဦးဝင်းတင်ကို မန္တလေးမြို့ကြီးကပိုင်လိုက်သည့်အတွက် ဂုဏ်ယူကြောင်း၊
ဟံသာဝတီသတင်းစာသည် မန္တလေးမြို့တွင်ကိုးနှစ်ခန့်သာ ဖွင့်လှစ်ခဲ့သော်လည်း
ဟံသာဝတီသတင်းစာသည် သြဇာကြီးမားသည့်သတင်းစာတစ်စောင်၊
ပြည်သူလူထုကနှစ်သက် ယုံကြည်သည့် သတင်းစာဘဝရောက်အောင်
ဆရာကြီး ဦးဝင်းတင်က စွမ်းဆောင်နိုင်ခဲ့ကြောင်း ၄င်းက ပြောသည်။

ဟံသာဝတီဦးဝင်းတင်ကို ၁၉၃ဝ ပြည့်နှစ်၊မတ် ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊
ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်
စာပေ၊ခေတ်သစ်ရာဇဝင်နှင့် နိုင်ငံရေးသိပ္ပံဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဦးဝင်းတင်
သည်၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့၌ ထုတ်ဝေသော ဟံသာဝတီ
သတင်းစာတွင်အယ်ဒီတာချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။

''ဟံသာဝတီ ဦးဝင်းတင်လို့ ပြောလိုက်ရင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့
ဦးဆောင်နာယက ပုဂ္ဂိုလ်ကြီးလို့ မြင်ကြတယ်။ သို့သော်လည်းပဲ ဟံသာဝတီ
ဦးဝင်းတင်ဟာ သတင်းစာဆရာကြီးသာ ဖြစ်ပါတယ်။ သတင်းစာဆရာမှ တကယ့်
ရဲရဲတောက် သံမဏိစိတ်ဓာတ်ရှိတဲ့ သတင်းစာဆရာကြီး ဖြစ်ပါတယ်'' ဟု
စာရေးဆရာဆူးငှက်က ပြောသည်။

''သူဟာ သတင်းစာဆရာအဖြစ် ဘာကြောင့် ထင်ရှားသလဲဆိုရင် ပြည်သူလူထုရဲ့
တစ်မျက်နှာတည်းသာ ကြည့်တယ်။ ဘယ်သူ့မျက်နှာမှ မကြည့်ဘူး။ ပြည်သူလူထု
ဆိုတာသူ့စာဖတ်ပရိသတ်။ ဟံသာဝတီသတင်းစာဟာ အစိုးရပိုင် သတင်းစာဖြစ်လို့
အထက်က သူ့ကို ဘယ်သူ့စာမူမတောင်းနဲ့။ ဘယ်လိုဆောာင်းပါးမျိုး မသုံးနဲ့ဆိုပြီး
ကန့်သတ်ချက်တွေပေးတယ်။ ဒါပေမဲ့ ဦးဝင်းတင်ဟာ အဲဒီကန့်သတ်ချက်တွေ၊
အမိန့်တွေကို တစ်ခုမှမလိုက်နာဘဲ လုပ်သင့် လုပ်ထိုက်တာ အကုန်လုံး
လုပ်တယ်''ဟု ၄င်းက ဆိုသည်။

၁၉၇၈ ခုနှစ်တွင် ဟံသာဝတီဦးဝင်းတင်ဦးဆောင်ကျင်းပသော စနေစာပေဝိုင်းတွင်
မဆလပါတီလမ်းစဉ်ကို ဝေဖန်သော စာတမ်းတစ်စောင် တင်သွင်းဖတ်ကြားသဖြင့်
အာဏာပိုင်များက ဟံသာဝတီသတင်းစာကို ပိတ်ပစ်ကာ ဦးဝင်းတင်ကိုလည်း
ရာထူးက ထုတ်ပယ်ခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၂၄ ရက်တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းသည့်အခါဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်
ယူခဲ့သည်။

အောက်တိုဘာလထဲတွင် ပြစ်မှုမှတိမ်းရှောင်နေသည့် တရားခံ၏ ဖခင်ကို တယ်လီဖုန်း
ဆက်သွယ် ပြောကြားသည်ဟူသော အကြောင်းပြချက်ဖြင့် ဦးဝင်းတင်ကို ဖမ်းဆီး
ထိန်းသိမ်းခဲ့ပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။

ထို့ပြင် စစ်အစိုးရက ဦးဝင်းတင်ကိုထောင်ဒဏ်များ ဆက်လက်ချမှတ်ခဲ့သဖြင့် ထောင်
အတွင်း ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင်အင်းစိန်ထောင်မှ
ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂ဝ၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက် နံနက်၆ နာရီခွဲအချိန်ခန့်တွင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင်
အသက်၈၅ နှစ် ရှိပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး