ရန္တပို (သို့မဟုတ်) အိုးလုပ်သူတို့ နေတဲ့ရွာ

ရန္တပို (သို့မဟုတ်) အိုးလုပ်သူတို့ နေတဲ့ရွာ

အရင်က မထင်မှတ်ဘဲ ရောက်ဖြစ်ခဲ့တဲ့ ခရီးတိုတွေထဲက အခုတစ်လော ပြန်သွားချင်စိတ်
ဖြစ်နေတဲ့ နေရာတစ်ခုကို ပြောပါဆိုလျှင် ရန္တပိုရွာလို့ အဖြေပေးဖြစ်မည် ထင်သည်။

ရန္တပိုရွာကလေးမှာ မြင်းခြံမြို့နယ်ထဲမှာရှိပြီး ခရီးအကွာအဝေးအားဖြင့် မန္တလေးမြို့နဲ့
သိပ်မကွာဝေးပေမဲ့ သွားလာရာမှာ ကြံုခဲ့ရတဲ့၊ ခက်ခဲတဲ့ လမ်းပန်းအခြေအနေ၊အေးချမ်းတဲ့
ရွာကလေးရဲ့ ပုံရိပ်တွေနဲ့ ဖော်ရွေလှတဲ့ ရွာခံတွေကြောင့် မကြာခဏ သတိရနေမိသည်။

ရွာတောင်ပိုင်းနဲ့ ရွာမြောက်ပိုင်းပေါင်းပါမှအိမ်ခြေ ၂ဝဝ ကျော်သာရှိတဲ့ ရန္တပိုရွာလေးမှာ
ရွာသေးသေးလို့ ပြောနိုင်ပေမဲ့ ရာဇဝင်ရှိသည်။ ပထမအင်္ဂလိပ်¼မြန်မာစစ်ပွဲ၏
စစ်ပြေငြိမ်းစာချုပ်ကို အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်ဘက်က
ကိုယ်စားလှယ်များ ထိုရန္တပိုအရပ်မှာ တွေ့ဆုံကာ ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ရက်တွင် ချုပ်ဆိုခဲ့ကြသည်။ ရန္တပို စာချုပ်ချုပ်ဆိုခဲ့ရာ အမှတ်တရနေရာ
ကျောက်တိုင်ကို အခုထက်တိုင် တွေ့နိုင်သေးသည်။ သို့သော် ဧရာဝတီမြစ်ရေ
တိုက်စားမှုကြောင့် ကျောက်တိုင်နေရာကို မူလနေရာနှင့် မီတာ ၅ဝ အကွာတွင်
၂ဝဝ၅ ခုနှစ်က နေရာပြောင်းရွှေ့ စိုက်ထူထားရသည်။

နောက်တစ်ခုက ရွာမြောက်ပိုင်းမှာ အိုးလုပ်ငန်းကို တစ်ရွာလုံး လုပ်ကိုင်ကြသည်။
မိုးတွင်းလောက်ကလွဲပြီး တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြကာ မန္တလေး၊ မြင်းခြံ၊
ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ ရန်ကုန်၊ ဟင်္သာတ၊ တကောင်း၊ ကြာညှပ် စသော
နေရာဒေသအစုံသို့ ရန္တပိုရွာကထွက်သောအိုးများ ရောက်ရှိကြသည်။

ရန္တပိုရွာမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ရေလမ်းခရီးဆိုလျှင် မိုင် ၆ဝ
ကျော်၊မြင်းခြံနှင့်ဆိုလျှင် ကုန်းလမ်းခရီး ၁ဝ မိုင်ခန့်ကွာဝေးသည်။ ရန္တပိုရွာမှ ပုဂံသို့
ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်စုန်ဆင်းလျှင် လေးနာရီခန့် ကြာမြင့်ကြောင်း
အသက် ၉ဝ နား နီးနေသော ရန္တပိုရွာသား ဦးဘချစ်က ပြောပြသည်။

ယမန်နှစ် မတ်လအတွင်း ကျွန်တော် ရန္တပိုရွာကို မထင်မှတ်ဘဲ ရောက်သွားစဉ်က
ကုန်းလမ်းအတိုင်း ကားဖြင့်သွားခဲ့သည်။ တစ်ခါမှ မရောက်ဖူးသေးဘဲ ရွာစဉ်
အတော်များများ ကို ဖြတ်သန်းရင်း အဆင့်ဆင့် မေးမြန်းပြီး စမ်းတဝါးဝါးဖြင့် သွားခဲ့ရသည်။
မန္တလေးမြို့မှ တံတားဦးကိုဖြတ်ကာ မြို့သာစက်မှုဇုန်၊ထိုမှတစ်ဆင့် ဆီမီးခုံရွာ၊
ရွှေတောင်ဦး၊ စားကြူး၊ လှိုင်းတက်၊ ကတော၊ ရွာရှည်၊ မရိုးကုန်း၊ ကျားတိုင်း၊ ဆင်းဂွတ်
စသောရွာများ ကို အစဉ်တစိုက် ဖြတ်သန်းပြီးနောက် မြစ်ရေတင် မြောင်းပေါင်အတိုင်း
လိုက်သွားပြီး ရန္တပိုရွာကို ရောက်သွားသည်။

သွားစဉ်က မြို့သာစက်မှုဇုန်ကို ဖြတ်ရသည်ကပင် တမေ့တမြော ရှည်လျားလှသည်ဟု
စိတ်မှာထင်သည်။ သွားနေသောလမ်းကို ရှေ့နောက်မျှော်ကြည့်လျှင် တစ်မျှော်တစ်ခေါ်နှင့်
လူဆက်ပြတ်လှသည်။ စက်မှုဇုန်ကို ဖြတ်ရသည်ကပင် အနည်းဆုံး တစ်နာရီကျော်ကြာ
လောက် ကားမောင်းရသည်။ နောက်ပိုင်းမှာရွာစဉ်တွေကို ဖြတ်သန်းသွားရတာက
အခက်အခဲ မတွေ့ရပေမဲ့ ရန္တပိုကို ရောက်ခါနီး မြစ်ရေတင်မြောင်းပေါင်ကို ကားနဲ့ 
ဖြတ်ရတာက စိတ်မောလူမော ဖြစ်ရသည်။

မြောင်းပေါင်က အိမ်စီးကားအသေးတစ်စီးစာ သွားလာရလောက်အောင်သာ ကျယ်သည်။
တစ်ဖက်က ကား၊ ဒါမှမဟုတ် နွားလှည်းတစ်စီးလောက်သာ လာပါလျှင် လုံးဝ အခက်တွေ့
မည်ဖြစ်သည်။ ပြီးတော့ မြေသားလမ်းဖြစ်လို့ အဖုအထစ်တွေကမညီမညာ။ တိမ်းစောင်းပြီး
မထိန်းနိုင်လျှင် တစ်ဖက်က ရေမြောင်း၊ တစ်ဖက်က ချောက်ထဲ ကျမည်။

မြောင်းပေါင်အဆုံးမှာ ရန္တပိုရွာကို မရောက်မီ တချို့နေရာတွေမှာ ခြေမျက်စိ၊ တချို့နေရာ
တွေမှာ ခြေသလုံးအစပ်လောက်မြုပ်တဲ့ ဖုန်တောကို ၁ဝ မိနစ်လောက်အချိန်ယူ ဖြတ်သန်းဖို့
လိုပါသည်။ ပြီးရင် ရန္တပိုစာချုပ် အမှတ်တရကျောက်တိုင်။ ဒါကို ကျော်ပြီးရင်တော့ ဧရာဝတီမြစ်
ကမ်းမှာ မေးတင်နေတဲ့၊ သစ်ရိပ်ဝါးရိပ်တွေနဲ့ အေးမြနေတဲ့ ရန္တပိုရွာကို ရောက်ပြီ။

''ရွာကသာ ပေါက်တိပေါက်စ၊ နာမည်ကတော့ ကြီးပါတယ်''ဟု ရွာသားဦးဘချစ်က
ပြောသည်။

ကိုယ်ကသာ မရောက်ဖြစ်တာ၊ သူပြောသလိုပဲ ရွာကို တခုတ်တရ လာလည်ကြတဲ့
နိုင်ငံခြားသားတွေရှိသည်။ အိုးပြုလုပ်ပုံတွေကို လာမှတ်တမ်းတင်ကြ၊ လေ့လာကြ၊
ရွာဓလေ့တွေကို စေ့ငုကြသည်။

ကားနဲ့ သွားရေး လာရေး ခက်ပေမဲ့ ရောက်သွားတော့လည်း ပန်းသမျှ ပြေရပါသည်။
အိုးရိုက်သံကလွဲပြီး ရွာကလေးမှာ ဆူညံသံများမရှိဘဲ တိတ်ဆိတ် အေးချမ်းလှသည်။
အိုးရိုက်သူတွေ၊ အိုးကို ပုံဖော်နေသူတွေ အလုပ်လုပ်နေတဲ့ တဲကလေးတွေအောက်က
ဖြတ် ပြီး၊လမ်းမြောင်ကလေးတွေက ဝင်သွားလျှင် စီးဆင်းနေသော ဧရာဝတီ
မြစ်ပြင်ကျယ်ကိုလည်း တွေ့နိုင်သည်။

ရန္တပိုရွာမှာ တောင်ပိုင်းမှာ နေထိုင်သူတွေက စိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ မြောက်ပိုင်းမှာ
နေထိုင်သူတွေအားလုံး အိုးလုပ်ငန်းလုပ်ကိုင်ကြရာမှာ မြို့ကြီးပြကြီးတွေမှာကျောင်းသွား
တက်၊ ဘွဲ့ရပြီးသူတွေပင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ ကိုယ့်မိရိုးဖလာ အိုးလုပ်ငန်း
ကိုသာ မြတ်နိုးစွာ ပြန်လည်လုပ်ကိုင်နေကြသူတွေရှိသည်။ ရန္တပိုရွာသူ စီးပွားရေးဘွဲ့ရ
အသက် ၃ဝ ကျော်ရှိ မမာမာထွေးမှာ ဘိုးဘွားတွေလက်ထက်ကတည်းက လုပ်ကိုင်
လာခဲ့တဲ့ အိုးလုပ်ငန်းမှာသာ ပျော်မွေ့နေသည်။ သူသာမက ဘွဲ့ရပြီးကြတဲ့သူ့အစ်မရော၊
တူမလုပ်သူတွေပါ ဘွဲ့ဓာတ်ပုံတွေကို အိမ်နံရံတွေမှာ ချိတ်ထားပြီး ကိုယ့်ရွာ၊ကိုယ့်မိရိုး
ဖလာအလုပ်ကိုသာ လုပ်ကိုင်ကြသည်။ အလုပ်ကလည်း မိုးတွင်းကလွဲလို့ပြတ်သည်မရှိ၊
တစ်နှစ်ပတ်လုံးနီးနီး လုပ်ကိုင်ကြရပြီး ဟိုတယ်တွေကလည်း မှာယူကြကြောင်း
မမာမာထွေးက ပြောသည်။ဒီတော့ မြေသယ်တာ၊ အိုးလုပ်ဖို့ မြေနင်းတာ၊ အိုးပုံသွင်းတာ၊
အိုးရိုက်တာ၊ ပန်း(ဒီဇိုင်း)ရိုက်တာ၊ အိုးဖုတ်တာ စတဲ့ လုပ်ငန်းစဉ်တွေလုပ်ဖို့ လှုပ်ရှားနိုင်တဲ့
အရွယ်ကစပြီးသက်ကြီးရွယ်အိုတွေအထိ ကိုယ်လုပ်နိုင်သော အလုပ်လုပ်လိုလျှင် အလုပ်ရှိ
သည်ဟု ပြောလို့ရသည်။

ရွာလေးမှာ မူလတန်းကျောင်းရှိသည်။ တောင်နှင့် မြောက်ပိုင်းပေါင်းလျှင် ဘုန်းကြီးကျောင်း
သုံးကျောင်းရှိပြီး မြောက်ပိုင်းဘုန်းကြီးကျောင်းမှာ နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိသည်။
တောရွာဓလေ့ ပီပြင်နေသလိုလက်မှုလုပ်ငန်းကိုပါ လေ့လာနိုင်လို့ နိုင်ငံခြားသားတွေကို
ပြသချင်စရာနေရာတစ်ခုဖြစ်နေသည်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ရန္တပိုရွာသူ မမာမာထွေးတို့ဆီ ဖုန်းခေါ်ကြည့်တော့ ရွာအဝင်
မြစ်ရေတင်မြောင်းပေါင်မှာ ဟိုအရင်အတိုင်း မပြောင်းလဲသေးကြောင်းနှင့် အလည်လာ
လိုလျှင် မိုးတွင်းကို ရှောင်လာဖို့ ပြောသည်။ ရန္တပိုရွာရဲ့ တစ်ဆိုင်တည်းသော လက်ဖက်
ရည်ဆိုင်က လက်ဖက်ရည်အရသာ၊ ြ<ွကပ်နေတဲ့ ငါးလေးကြော်နဲ့ ပဲကြော်အရသာတို့ကို
သတိရမိရုံသာမက ရိုးသားဖော်ရွေတဲ့ ရွာသားတွေနဲ့ သူတို့ရဲ့ အိုးလုပ်ငန်းတွေကို ကြည့်ဖို့၊
အေးချမ်းတဲ့ ရွာထဲကနေ ဧရာဝတီမြစ်ကိုငေးဖို့ ရန္တပိုရွာကလေးဆီကို နောက်တစ်ခေါက်
အရောက်သွားဖို့ ဆုံးဖြတ်ထားသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး