တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးရှိ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေသည့်
တောင်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုနှစ်မှ စတင်ကာ ဦးစားပေးလုပ်ငန်း
သုံးခုကို အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ယခုလ ၂၄ ရက်က ကရင်ပြည်နယ်တွင်
ပြုလုပ်ခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစေည်း
အဝေးတွင် ပြောသည်။
တောင်သူများအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး
အတွက် မျိုးစေ့ထုတ်လုပ်သူများ အစုအဖွဲ့ (Seed Grower Association) များစုဖွဲ့၍
အရင်းအနှီး၊ စျေးကွက်နှင့် နည်းပညာ ရရှိရေး၊ အစားအစာဘေးကင်းလုံခြံုရေးအတွက်
ကောင်းမွန်သော စိုက်ပျိုး ထုတ်လုပ်နည်းစနစ် (Good Agriculture Practice)
ဖြင့် အရည်အသွေးစံချိန်မီ သီးနှံများ ထုတ်လုပ်နိုင်ရေးနှင့် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး
ဖြစ်သော ဥပဒေများနှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များ ထိန်းကျောင်းခြင်းများကို ဆောင်ရွက်
ပေးမည်ဟု ဆိုသည်။
တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားများ မြှင့်တင်ရေးဥပဒေ၊ ဓာတ်မြေသြဇာ၊
ပိုးသတ်ဆေးနှင့် မြေသြဇာဥပဒေ၊ သီးနှံကာကွယ်ရေးဆိုင်ရာ ဥပဒေများကို လွှတ်တော်က
အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည်ဟု ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်နေပြီး ပြောင်းစေ့အခြေခံ
တိရစ္ဆာန်အစာစက်ရုံကို မြဝတီဒေသ၌ ထူဆောင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားပြီး
လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လာပါက စိုက်ပျိုးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ
အတွက် ခိုင်မာသော စျေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်၍မဖြစ်မနေ
အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
''ကရင်ပြည်နယ်ဟာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်
စိုက်ပျိုးရေးကဏ္ဍအောင်မြင်ဖို့ အထူးဦးစားပေးဆောင်ရွက်သွားမယ်။ သံတောင်ဒေသက
ကော်ဖီစိုက်ဧက ၉,ဝဝဝကျော်ကလည်း သက်တမ်းကြာမြင့်နေလို့ အထွက်နှုန်း ကျဆင်းနိုင်တဲ့
အတွက် နည်းပညာအသစ်တွေနဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းနေသလို အရည်အသွေးကောင်းနဲ့
ထွက်လာတဲ့ ကော်ဖီကို ပြည်တွင်းသာမက ပြည်ပတင်ပို့နိုင်အောင် ဆောင်ရွက်ဖို့လည်း
လိုတယ်။ မြဝတီမြို့နယ်က အစေ့ထုတ်ပြောင်းဧက ငါးသောင်းကျော်ကထွက်တဲ့
ပြောင်းစေ့တွေကို စျေးကွက်ရရှိဖို့လည်း လိုအပ်တယ်'' ဟု ၄င်းက ပြောသည်။















