စက်ရုံများက ရေဆိုးစွန့်ပစ်မှု သတ်မှတ်ချက်နှင့်ကိုက်ညီရန် တွန်းအားပေးနေရဆဲ

စက်ရုံများက ရေဆိုးစွန့်ပစ်မှု သတ်မှတ်ချက်နှင့်ကိုက်ညီရန် တွန်းအားပေးနေရဆဲ

မန္တလေးစက်မှုဇုန်ရှိ ရေဆိုးစွန့်ပစ်နေသော စက်ရုံများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ
လုပ်ကိုင်ကြရန် ပြီးခဲ့သောနှစ် မေလကတည်းက စစ်ဆေးသတ်မှတ်ချက်များ လုပ်ဆောင်
ခဲ့သော်လည်း လက်ရှိအချိန်အထိ သတ်မှတ်ချက်ပြည့်မီခြင်း မရှိသေးသဖြင့်တွန်းအားပေး
နေရဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန 
လက်ထောက်ညွှန်ကြားရေးမှူ းဦးသန့်ဇင်ထွန်းက ပြောသည်။

စက်မှုဇုန်အတွင်း အရက်ချက်စက်ရုံလေးရုံ အပါအဝင် ရေဆိုးစွန့်ပစ်နေသောလုပ်ငန်းများ၏
ရေဆိုးစွန့်ပစ်မှု အတိုင်းအတာကို တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားမှုဖြင့်၂ဝ၁၆ ခုနှစ်၊
မေတွင် သွားရောက်တိုင်းတာခဲ့ရာ အများစုမှာ သတ်မှတ်ချက်အတွင်း မဝင်ကြောင်း၊
ပထမအကြိမ် စစ်ဆေးပြီးနောက်ဒီဇင်ဘာတွင် ထပ်မံစစ်ဆေးခဲ့ရာ သတ်မှတ်ချက်အတွင်း
မဝင်သဖြင့် အရက်ချက်စက်ရုံနှစ်ရုံကို ယာယီပိတ်သိမ်းခဲ့ကြောင်း ၄င်းကပြောသည်။

''သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အရက်ချက်စက်ရုံတွေ
အပါအဝင် အထွေထွေ ရေဆိုးစွန့်ပစ်မှု (စွန့်ပစ်ရေ တစ်လီတာတွင် အော်ဂဲနစ်ဒြပ်ပေါင်း
ပစ္စည်းပါဝင်မှု) ကို BOD 50mg/l လို့သတ်မှတ်ထားပါတယ်။ စက်ရုံတွေကို ပထမအကြိမ်စစ်
ဆေးပြီးတဲ့အခါ BOD 6,000 mg/l ကို လျှော့ချကြဖို့ သတ်မှတ်ခဲ့ပေမဲ့ အခုပြီးခဲ့တဲ့ မတ်လ
ဒုတိယပတ်ထဲမှာပဲ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်ဖြစ်တဲ့
BOD 50mg/l အထိ လျှော့ချကြဖို့ နှုတ်အားဖြင့် ညွှန်ကြားချက် ပေးထားပါတယ်။ ဒါပေမဲ့
သတ်မှတ်ချက်အတိုင်း မမီနိုင်ကြသေးလို့ တွန်းအားပေးတာ၊ ပညာပေးတာတွေ လုပ်နေရ
ဆဲပါ'' ဟု ဦးသန့်ဇင်ထွန်းက ယခုလ ၂၄ ရက်တွင် ပြောသည်။

လက်ရှိတွင် ဌာနက စက်ရုံများကို ပုံမှန်စစ်ဆေးမှုများ လုပ်နေပြီး တွေ့ရှိချက်များကို
တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြနေကြောင်း၊ သတ်မှတ်ချက်နှင့် မညီသဖြင့်
စက်ရုံများကို ပိတ်ပါက တစ်ဖက်တွင် ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး အလုပ်သမားများ
အခက်အခဲတွေ့နိုင်သဖြင့် သတ်မှတ်ချက်အတွင်းဝင်ရန် တိုက်တွန်း
ပညာပေးနေကြောင်းပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းကဏ္ဍအသီးသီး
အလိုက် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု)များ နှင့်ပတ်သက်၍
လမ်းညွှန်ချက်များကို အမိန့်ကြေညာချက်အမှတ် ၆၁၅/၂ဝ၁၅ ဖြင့်ထုတ်ပြန်ထားသည်။
၄င်းတွင် အရက်ချက်စက်ရုံများအပါအဝင် အထွေထွေရေဆိုးစွန့်ပစ်မှုကို BOD 50mg/l 
သတ်မှတ်ထားသော်လည်း အရက်ချက်စက်ရုံများမှာ BOD ၁၇,ဝဝဝ ကျော်မှ ၂ဝ,ဝဝဝ
ကျော်အထိ၊ သားရေစက်ရုံ အပါအဝင် အခြားစက်ရုံများက BOD ထောင်ဂဏန်း
စွန့်ထုတ်ကြကြောင်း ဦးသန့်ဇင်ထွန်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်မတ် ၃ ရက်က မန္တလေးမြို့တော်ဝန်
ဒေါက်တာရဲလွင်က စက်မှုဇုန်ရှိ လုပ်ငန်းရှင်များနှင့်စည်ပင်သာယာ အစည်းအဝေး
ခန်းမတွင် တွေ့ဆုံခဲ့ကာ သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်မှုမရှိသော ရေဆိုးစွန့်
ပစ်နေသည့် စက်ရုံများကို လတ်တလောတွင် လုပ်ငန်းပိတ်သိမ်းအရေးယူသွားမည်
မဟုတ်သော်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ
စတင်ပြောင်းလဲခြင်းမရှိပါကခံစားသွားရမည်ဟု သတိပေးပြောကြားထားသည်။
စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက
ရေဆိုးစွန့်ပစ်သော စက်ရုံ ၆ဝ ကျော်တွင် သုံးရုံသာ ရေသန့်စင်စနစ်ရှိကြောင်း
အဆိုပါအစည်းအဝေးတွင် ပြောသည်။

စက်မှုဇုန်စက်ရုံများက စွန့်ပစ်ရေဆိုးများမှာ ယခုအခါ ပလတ်စတစ်ပိုက်လိုင်းမှတစ်ဆင့်
အမရပူရမြို့နယ်၊ ညောင်ပင်စောက်ရွာကို ဖြတ်ပြီး ဒုဋ္ဌဝတီမြစ်အတွင်း တိုက်ရိုက်
ရောက်ရှိနေကာ မြစ်အောက်ဘက်ရှိ ရွာများမှာရေညစ်ညမ်းမှုဒဏ်ကို ခံစားနေကြ
ရကြောင်း ညောင်ပင်စောက်ရွာနှင့် ကပ်လျက်ရှိ ညောင်နီပင်ရွာနေ ဦးညိုကြီးက
ပြောသည်။

''မြစ်ရေကတော့ အရင်ကအတိုင်းပဲ အနံ့အသက်က မပြောင်းဘူး။ နံနေတုန်းပါပဲ''
ဟု ဦးညိုကြီးက ယခုလ ၂၅ ရက်တွင်ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး