စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားနှစ်ဦးဆန္ဒဖော်ထုတ်

စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားနှစ်ဦးဆန္ဒဖော်ထုတ်

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်ချုပ်ချယ်မှုများ
ရှိနေသေးပြီး အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတမ်းပါ အချက်အလက်များကို
ချိုးဖောက်မှုများရှိနေသေးသောကြောင့် စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသား နှစ်ဦး
ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

ယခုလ ၂၆ ရက်နေ့က မန္တလေးမြို့၊ ၃၅ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ အဆင့်မြင့်ပညာ
ဦးစီးဌာန အထက်မြန်မာပြည်ရုံးရှေ့တွင် စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသား
ကိုဇော်ရဲထွဋ်နှင့် ကိုနှင်းအောင်တို့က ကျောင်းချိန်အတွင်း မိမိပစ္စည်း၊ ဥစ္စာကို လွတ်လပ်စွာ
ပိုင်ဆိုင်ခွင့်ရရှိရေးနှင့် ဖိနှိပ်အုပ်ချုပ်မှုများကို ကန့်ကွက်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်
တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

"ကျွန်တော်တို့ စစ်ကိုင်းပညာရေးကောလိပ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေပါသေးတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းရဲ့ အပိုဒ် ၁၇ မှာ မိမိပစ္စည်းဥစ္စာတွေကို
လွတ်လပ်စွာပိုင်ဆိုင်ခွင့်ရှိတယ်လို့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပညာရေးကောလိပ်က
တစ်ပတ်မှာ ငါးရက် ကျွန်တော်တို့ လက်ကိုင်ဖုန်းတွေကိုသိမ်းထားပါတယ်။ နှစ်ရက်လောက်ပဲ
ပေးကိုင်တယ်။ ဒါတောင်ပြည့်ပြည့်ဝဝမရှိပါဘူး။ ဒါကလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပါတယ်။
ကျွန်တော်တို့ကျောင်းမှာ ၀ိုင်ဖိုင်တော့ လွှင့်ပေးထားပါတယ်။ ဒါပေမယ့် ဖုန်းတွေသိမ်းထားတဲ့အတွက်
အင်တာနက်ကနေ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေခွင့် လေ့လာခွင့်မရပါဘူး။
ဒီကိစ္စတွေကိုလည်းကျောင်းအုပ်ကြီးဆီ ကျောင်းသားတွေ စုပေါင်းပြီးတော့ တင်ပြပါတယ်။
ကျောင်းသားတွေကို အသိအမှတ်မပြုပါဘူး" ဟုစစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသား
ကိုဇော်ရဲထွဋ်ကပြောသည်။

ကျောင်းသားများက စစ်တပ်သဏ္ဍာန် ဖိနှိပ်အုပ်ချုပ်သော ကျောင်းအုပ်ချုပ်မှု အလိုမရှိကြောင်း၊
လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေး ဒို့အရေး၊ ဒီမိုကရေစီ အလေ့အကျင့်များ သင်ကြား
လေ့ကျင့်ပေးရေး ဒို့အရေး၊ ကျောင်းသားထု အခွင့်အရေး အပြည့်အဝရရှိရေး ဒို့အရေး
စသည်ဖြင့် ကြွေးကြော် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

"ကျွန်တော်တို့ကိုယ်တိုင်က ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ အညီမဟုတ်ဘဲ ဖိနှိပ်မှုတွေ
အောက်ကနေပညာသင်ကြားခဲ့ရတယ်ဆိုရင် ကျွန်တော်တို့ ပြန်လည်သင်ကြားပေးမယ့်
နိုင်ငံမျိုးဆက်ကလေးတွေကို ကျွန်တော်တို့ ဒီလိုစံညွှန်းတွေနဲ့ညီအောင် ပြန်လည်
သင်ကြားပေးနိုင်မှာမဟုတ်ပါဘူး။ ကျောင်းထဲမှာ ကျွန်တော်တို့ ကိုယ်ပိုင်အချိန်တွေတောင်
လွတ်လပ်စွာ သွားလာခွင့်မရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
တောင်းဆိုနေတာပါ"ဟု ကိုဇော်ရဲထွဋ်ကပြောသည်။ လက်ရှိ ပညာရေးကောလိပ်များတွင်
စစ်တပ်သဏ္ဍာန် ဖိနှိပ်အုပ်ချုပ်နေမှုများကို ကန့်ကွက်ဆန့်ကျင်ပြီး ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်
ညီမျှသော ကောလိပ်ကျောင်းများကိုသာ အလိုရှိကြောင်း ကိုနှင်းအောင်ကပြောသည်။
ကျောင်းသားနှစ်ဦး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေချိန်တွင် ရဲတပ်ဖွဲ့ကဝင်ရောက်
ထိန်းသိမ်းခဲ့သည့်အတွက် အနည်းငယ် လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး
ဆန္ဒဖော်ထုတ်နေသည့် ကျောင်းသားနှစ်ဦးအပါအဝင် ဗမာတစ်နိုင်လုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

"ပြည်သူအတွင်းမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ခွင့်ပြုပေးထားတယ်။ သက်ဆိုင်ရာ
အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို တင်ပြလိုက်ပါ။ ခွင့်မပြုပေးတာ မရှိပါဘူး။ အကုန်ခွင့်ပြုပေး
တယ်။ သက်မှတ်ထားတဲ့ ခွင့်ပြုချက်မယူဘဲ ဒီလိုပြုလုပ်တဲ့အတွက်ကြောင့် ရဲစခန်းကနေ
သူ့ဥပဒေနဲ့အညီ အရေးယူသွားမှာပါ။ ဒီမိုကရေစီနိုင်ငံဖြစ်လို့လွတ်လွတ်လပ်လပ်
လုပ်လို့ရပါတယ်။ သို့သော်လည်း အုပ်ချုပ်တဲ့အဖွဲ့တွေကို တင်ပြဖို့လိုပါတယ်"ဟု
မန္တလေးခရိုင်ယာယီ ရဲမှူးသက်ဝင်းက မီဒီယာများကိုပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး