ရေနံလက်ယက်တွင်း ရန်ပုံငွေကျပ်သန်း ၁,၇ဝဝ ပြန်ပေးရန် ကမ်းလှမ်း

ရေနံလက်ယက်တွင်း ရန်ပုံငွေကျပ်သန်း ၁,၇ဝဝ ပြန်ပေးရန် ကမ်းလှမ်း

 

ယခင်အစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီးရန်ပုံငွေအဖြစ် ကောက်ခံခဲ့သည့်
ရေနံလက်ယက်တွင်းရန်ပုံငွေ ကျပ် ရ ဒသမ ၄၅၉ ဘီလျံအနက် ကျပ်သန်း ၁,၇ဝဝ
ကိုပြန်လည်လွှဲပြောင်းပေးရန် ဦးဘုန်းမော်ရွှေနှင့် ဦးကြည်ထွန်းတို့က ကမ်းလှမ်းထားသည်ဟု
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မြန်မာတိုင်း(မ်)ကိုပြောသည်။

''ကျပ်သန်း ၁,၇ဝဝ ပြန်ပေးမယ်တဲ့။ ဦးဘုန်းမော်ရွှေနဲ့ ဦးကြည်ထွန်းတို့က လှမ်းပြီးပြောတာဗျ။
ပမာဏကတော့ ကြံ့ခိုင်ရေးကို ပေးလိုက်တဲ့ ပိုက်ဆံပမာဏပဲ'' ဟု ၄င်းက ယမန်နေ့ညနေပိုင်း
တွင် ပြောသည်။ အဆိုပါ ငွေကျပ်သန်း ၁,၇ဝဝ ကို မကြာမီရက်ပိုင်းအတွင်း ပြန်ပေးမည်ဖြစ်ပြီး
လက်ရှိဘဏ္ဍာနှစ်အကုန် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းအသုံးပြုမည်ဟု
ဒေါက်တာအောင်မိုးညိုက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကောက်ခံခဲ့သည့်
ရေနံလက်ယက်တွင်းရန်ပုံငွေကိုပြန်လည်လွှဲပြောင်းပေးရန် လက်ခံရယူခဲ့သော အဖွဲ့အစည်းများ၊
ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို သမ္မတရုံးအမိန့်ဖြင့် ညွှန်ကြားထားရာ
လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ယခုလ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ဒေါက်တာအောင်မိုးညိုက
ပြောကြားထားပြီးဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လက်ခံရယူခဲ့သည့် မကွေးတိုင်းဒေသကြီး
ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင် ငွေကျပ်၁ ဒသမ ရ ဘီလျံ၊ မော်တော်ယာဉ်လေးစီး၊ဘက်ဟိုး
တစ်စီး၊ ပဲ့ထောင်ရေယာဉ်နှစ်စင်း နှင့် ရွှေသုခအသေးစားငွေရေးကြေးရေးလုပ်ငန်းသို့
လွှဲပြောင်းပေးခဲ့သည့် ငွေကျပ်၁ ဒသမ ၅၇ ဘီလျံကျော် (ကျပ်သန်း ၃,ဝဝဝကျော်) ကို လက်ရှိ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။

''စုစုပေါင်း ကျပ်သန်းပေါင်း ရ,၄၅၉ သန်းမှာ သန်း ၃,ဝဝဝ ကျော်ကို ပြန်ပြီးတောင်းခိုင်း
ထားတယ်။ မပေးဘူးဆိုရင်တော့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ပါလို့
ညွှန်ကြားထားတယ်။ ကျန်တဲ့သန်း ၄,ဝဝဝ ကျော်ကိုတော့ ကျွန်တော်တို့
အစိုးရအဖွဲ့ညှိနှိုင်းပြီးမှပဲ စီစဉ်ဆောင်ရွက်ရမယ်'' ဟု ဒေါက်တာအောင်မိုးညိုက
အဆိုပါသတင်းစာရှင်းလင်းပွဲ ပြောသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကောက်ခံခဲ့သည့် ရေနံလက်ယက်တွင်းရန်ပုံငွေနှင့်
ပတ်သက်၍ မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်သူ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့် ရွှေသုခ အသေးစားငွေရေး
ကြေးရေး လုပ်ငန်းဥက္ကဋ္ဌဦးကြည်ထွန်းတို့ကို သမ္မတရုံးညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရန်
အသိပေးထားပြီးဖြစ်ကြောင်း ၄င်းက ပြောသည်။

''လက်ရှိကတော့ ဦးဘုန်းမော်ရွှေဘယ်မှာနေသလဲ။ သူ့ဆီကို ဘယ်လိုညွှန်ကြားချက်
ထုတ်မလဲ။ ဥပဒေချုပ်နဲ့တိုင်ပင်ဆုံးဖြတ်ပြီးမှ သူ့ကိုအကြောင်းကြားမယ်။ လောလောဆယ်
သူဘယ်မှာနေလို့နေမှန်းကို ကျွန်တော်တို့က မသိဘူး။ သူက မေမြို့မှာလည်းနေတယ်။
တောင်ကြီးမှာလည်းနေတယ်။ မကွေးမှာလည်းနေတယ်။ ရန်ကုန်မှာလည်းနေတယ်။
အဲဒီလိုတွေကြားတယ်'' ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

ဥပဒေအရ အများပိုင်ပစ္စည်းများကို အလွဲသုံးစားပြုပါက ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော
ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်ကြောင်း မကွေးတိုင်းဒေသကြီး
ဥပဒေချုပ် ဦးဆန်းလင်းက ပြောသည်။

''ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း အကြံပြုထားတာ ရှိတယ်ပြောပါတယ်။ အဲဒီမှာ
ကျွန်တော်တို့က အရေးယူလို့ရတဲ့အပိုင်းတွေလည်း တွေ့ရပါတယ်။ ဒီငွေပမာဏက
တချို့ငွေကလည်း မသဲကွဲသေးဘူးပေါ့။ ဒါနဲ့ပတ်သက်ပြီး ဘယ်သူ့မှာတာဝန်ရှိလဲ
ဆက်ပြီးတော့စုံစမ်းသွားရမှာပါ'' ဟု ၄င်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားထားချက်အတိုင်း ပြည်ခိုင်ဖြိုးပါတီနှင့် မကွေးတိုင်း
ဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အပါအဝင် အသေးစားချေးငွေလုပ်ငန်းများက
လက်ခံရယူထားသည့် ရေနံလက်ယက်လုပ်ငန်းရှင်များက ထည့်ဝင်ခဲ့သည့်
ဒေသဖွံ့ဖြိုးရေးထည့်ဝင်ငွေကျပ်သန်း ၃,ဝဝဝ ကျော်ကို ပြန်လည်ရရှိရန် တောင်းခံ
သွားမည်ဖြစ်ပြီး ထိုကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးမှုများကိုလည်း အမြန်ဆုံးဆောင်ရွက်
သွားမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

''ကျန်တဲ့ သန်း ၄,ဝဝဝ ကိစ္စလည်း ကျွန်တော်တို့ ရှင်းရမှာ။ မရှင်းရင် ပြည်သူလူထု
အကြားမှာ ဇဝေဇဝါဖြစ်နေမယ်။ အရင်အစိုးရနဲ့ အခုအစိုးရကြားမှာ လက်ဝါးချင်းရိုက်ပြီး
ဒီသန်း ၄,ဝဝဝ ကိစ္စကို ဖြေရှင်းသလား၊ ဘာလား၊ ကျွန်တော်တို့ အထင်မခံနိုင်ဘူး။
မှဲ့တစ်ပေါက်စွန်းတာ မခံနိုင်ဘူး'' ဟု ၄င်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် လက်ယက်တွင်းရေနံမြေများမှ
ကောက်ခံရရှိသည့် ငွေကျပ်၂ ဒသမ ၈ သန်းကို ယခင်အစိုးရလက်ထက်တွင်
မည်သို့မည်ပုံသုံးစွဲခဲ့သည်ကို စုံစမ်းစစ်ဆေးရန် ပွင့်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းထွန်းက ပြည်သူ့လွှတ်တော်တွင် ၂ဝ၁၆ ခုနှစ်၊ မေလ ၃ဝ ရက်တွင်
အဆိုတင်သွင်းခဲ့သည်။

ယခင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲရန်
စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု မကွေးတိုင်းဒေသကြီး
ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းထွန်းက လွှတ်တော်၌
ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် မင်းလှမြို့နယ်များအတွင်းရှိ တစ်နိုင်တစ်ပိုင်
လက်ယက်တွင်းရေနံမြေများကို ပုဂ္ဂလိကစနစ်ဖြင့် တူးဖော်ခွင့်ပြုရာတွင် တိုင်းဒေသကြီး
ဖွံ့ဖြိုးရေးရန်ပုံငွေကောက်ခံခြင်း၊ ရေနံ သယ်ယူပို့ဆောင်ရာတွင် တစ်ပီပါလျှင် ကျပ် ၅,ဝဝဝ
နှုန်းဖြင့် ကောက်ခံခဲ့သော်လည်း ယခင်တိုင်းဒေသကြီး အစိုးရအဖွဲ့က မည်သည့်နေရာတွင်
အသုံးပြုခဲ့သည်ကို မသိရှိရခြင်း၊ လက်ရှိအစိုးရအပေါ် စာရင်းဇယားဖြင့်လွှဲပြောင်းပေးအပ်မှု
မရှိခဲ့ခြင်းဟု ၄င်းကပြည်သူ့လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး