မန္တလေးတိုင်း စည်ပင်ကွပ်ကဲမှုအောက်ရှိ အမှိုက်သိမ်းဆည်းမှုလုပ်ငန်း ကျပ်သိန်း ၅,၇၀၀ ကျော် အရှံုးပေါ်

မန္တလေးတိုင်း စည်ပင်ကွပ်ကဲမှုအောက်ရှိ အမှိုက်သိမ်းဆည်းမှုလုပ်ငန်း ကျပ်သိန်း ၅,၇၀၀ ကျော် အရှံုးပေါ်

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်၂၂ မြို့နယ်ရှိ
စည်ပင်သာယာရေးအဖွဲ့များမှ သက်ဆိုင်ရာမြို့နယ်အလိုက် အမှိုက်သိမ်းဆည်းခြင်း
၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ရာတွင် ပြီးခဲ့သည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက်
ကျပ်သိန်းပေါင်း ၅,၇၀၀ကျော် အရှံုးပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏
စာရင်းများအရ သိရသည်။

"မနှစ်က ကောက်ယူခဲ့တာမှာ အမှိုက်သိမ်းဆည်းခြင်း ၀န်ဆောင်မှုကနေ ကျပ်သိန်း ၅,၀၀၀ ကျော်
အရှုံးပေါ်ခဲ့တယ်။ ဒါပေမယ့် အခုဘဏ္ဍာနှစ်မှာတော့ အရှုံးပေါ်နေလို့ အမှိုက်သိမ်းဆည်းခြင်း
၀န်ဆောင်မှုအတွက် ၀န်ဆောင်ခကို တိုးကောက်တာမျိုးမလုပ်သေးပါဘူး" ဟု မန္တလေးတိုင်းဒေသကြီး
စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးက ယခုလ ၂၇ ရက်နေ့ကပြောသည်။

မန္တလးတိုင်း စည်ပင်ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ အမှိုက်သိမ်းဆည်ခြင်း
၀န်ဆောင်မှုလုပ်ငန်းတွင် အရှံုးအများဆုံးပြခဲ့သည့် မြို့နယ်မှာ မိတ္ထီလာမြို့နယ်ဖြစ်ပြီး
အဆိုပါမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁,၀၀၀ ကျော်ထိ အရှုံးပြခဲ့ပြီး၊ ဒုတိယအများဆုံးမြို့နယ်မှာ
မြင်းခြံမြို့နယ်ဖြစ်ကာ အဆိုပါမြို့နယ်တွင် ကျပ်သိန်းပေါင်း ရ၀၀ကျော် အရှံုးပြထားကြောင်း
စာရင်းများအရ သိရသည်။

အမှိုက်သိမ်းဆည်းခြင်း ၀န်ဆောင်မှုလုပ်ငန်းမှ အမြတ်ငွေအများဆုံး ပြန်လည်ရရှိသည့်မြို့နယ်မှာ
ပုဂ္ဂလိကလုပ်ငန်းရှင်ကို ပေးထားသည့် ပြင်ဦးလွင်မြို့နယ်ဖြစ်ပြီး အဆိုပါပြင်ဦးလွင်မြို့နယ်မှ
အမှိုက်သိမ်းဆည်းခြင်းအတွက် အမြတ်ငွေ ကျပ်သိန်း ၈၀၀ ကျော် ရှိခဲ့သော်လည်း သက်ဆိုင်ရာ
မြို့နယ်စည်ပင်များမှ ကိုင်တွယ်သည့် အမှိုက်သိမ်းဆည်းခြင်းတွင် ငွေကြေးအများဆုံး
ပြန်လည် ရရှိသည့်မြို့နယ်မှာ မိထ္တီလာမြို့နယ်ဖြစ်သော်လည်း အဆိုပါမြို့နယ်မှ ပြန်လည်ရရှိသည့်
ငွေကြေးမှာ ကျပ်သိန်းပေါင်း ၃၅၀ ကျော်ဖြစ်ပြီး အသုံးပြုရသည့်ငွေကြေးမှာ ကျပ်သိန်းပေါင်း
၁,၃၀၀ ကျော် ဖြစ်သည့်အတွက် မိတ္ထီလာမြို့နယ်အတွက် အရှုံးပြငွေမှာ ကျပ်သိန်းပေါင်း
၁,၀၀၀ကျော်အထိ အရှုံးပြနေသည်။

"၀န်ဆောင်မှုပေးခြင်းအတွက် စည်ပင်ဘက်ကနေ အသုံးပြုငွေကများပေမယ့် ပြန်လည်ရရှိတဲ့
ငွေကြေးတွေက များနေတဲ့အတွက် အရှုံးပြရခြင်းဖြစ်ပါတယ်"ဟု ဦးမင်းအောင်မြင့်စိုးကပြောသည်။

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာ
အဖွဲ့များထဲမှ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို ပုဂ္ဂလိကပေးထားသည့် ပြင်ဦးလွင်မြို့နယ်တစ်ခုသာ
အမြတ်ငွေရရှိပြီး၊ ကျန်သည့် ၂၁ မြို့နယ်တွင် အရှုံးပြနေကြောင်း စာရင်းများတွင်ဖော်ပြထားသည်။

"ပြည်သူ့အခွန်ငွေတွေနဲ့ ပြန်လည်လုပ်ဆောင်ရမှာ အရှံုးတွေပဲပြနေတယ်ဆိုတာက သိပ်မကောင်းဘူး။
အရှံုးပြတယ်ဆိုရင် မရှံုးအောင် ဒါမှမဟုတ် အမြတ်ရအောင် လုပ်ရမယ်။ အမြတ်ရတယ်ဆိုရင်
အခြားနေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပိုလုပ်လာနိုင်မယ်လေ။ ပြည်သူတွေဘက်ကလည်း
အမှိုက်သိမ်းဝန်ဆောင်မှုအတွက် အခွန်တွေ တိုးဆောင်ရမယ်ဆိုရင်လည်း တိုးဆောင်ပေးရမယ်။
တိုးဆောင်ပေးသလို စည်ပင်ဘက်ကနေလည်း -၀န်ဆောင်မှုတွေကို ပိုကောင်းအောင်
လုပ်ပေးနိုင်ရမယ်" ဟု မိတ္ထီလာမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှ ဦးသိန်းစိုးကပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ် ၂၂ ခုအတွက်
အမှိုက်သိမ်းဆည်းခြင်း ၀န်ဆောင်မှုလုပ်ငန်းတွင် လုပ်သားအင်အား ၄၅၅ ဦးနှင့်၊ အမှိုက်သိမ်းကား
၁၄၅ စီး အသုံးပြုခဲ့ကြောင်းနှင့် အဆိုပါမြို့နယ်များမှ ထွက်ရှိသည့် အမှိုက်မှာ အမှိုက်တန်ချိန်
၈၅,၈၅၆ ဒသမ ၁၂ ထိ ထွက်ခဲ့ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး