မန္တလေး - ပြင်ဦးလွင် တိုးချဲ့လမ်းဖောက်လုပ်ရာတွင် ခုတ်လှဲခဲ့ရသည့် လမ်းဘေးအပင်ကြီး၊
အပင်ငယ်များအစား ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စိမ်းလန်းပြင်ဦးလွင်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်းကာ အရိပ်ရအပင် ၁၂,၀၀၀ ကျော်ကို မိုးဦးကျချိန်မှ
စတင်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှ သိရသည်။
၎င်းအပြင် ပြင်ဦးလွင်တစ်မြို့လုံး သောက်သုံးရေသုံးစွဲနိုင်ရန် ဖြန့်ဖြူးပေးနေသည့် သစ်တပင်တောင်
တစ်လျှောက် ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် အရိပ်ရအပင်များ ပေါင်းသင်ရှင်းလင်းခြင်းနှင့်
ထပ်မံစိုက်ပျိုးခြင်းများကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့
ဒုတိယဥက္ကဋ္ဌကဆိုသည်။
"မန္တလေး - ပြင်ဦးလွင် လမ်းတိုးချဲ့ ဖောက်လုပ်တာ သွားလာရေးခရီးအတွက် ကောင်းမွန်လာတယ်။
ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်တော့ သစ်တောသစ်ပင် ၂၀,၀၀၀လောက် ခုတ်ထွင်ခံခဲ့ရတယ်။
ဒါကြောင့် ဒီနှစ် သစ်ပင်စိုက်ပျိုးရာသီမှာ မန္တလေး - ပြင်ဦးလွင် လမ်းဘေးဝဲယာတစ်လျှောက်ကို
အဓိကထားစိုက်ပျိုးသွားမယ်။ ကန်တော်လေးမှာလည်း စိုက်ပျိုးသွားမယ်။ ဒီနှစ်စိုက်ပျိုးတဲ့နေရာမှာ
ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်၊ သစ်တော၊ မြေစာရင်း၊ အရပ်ဖက် အဖွဲ့အစည်းတွေလည်းပါမယ်။
ဒီနှစ် အနီရောင်အပွင့်ဖြစ်တဲ့ မေဘယ်အပင်ကို အများအပြား စိုက်ပျိုးသွားမယ်။ စိုက်ပျိုးဖို့
လျာထားတာကတော့ အပင်ပေါင်း ၁၂,၀၀၀ ကျော်ကိုစိုက်ပျိုးသွားမယ်။ နှစ်စဉ်စိုက်ခဲ့သမျှထဲမှာ
ဒီနှစ်က အများဆုံးပါပဲ" ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုကြီးက မြန်မာတိုင်း(မ်) ကို
ပြောသည်။
စိုက်ပျိုးသွားမည့် အပင်များမှာ ရေမနေ၊ ပိတောက်၊ ရေမဲ၊ ရေပိတုန်း၊ ထင်းရှူးနှင့် အခြားသော အရိပ်ရ
အပင်ကြီး စုစုပေါင်း ၁၂,၀၀၀ ကျော်ကိုစိုက်ပျိုးသွားမည်ဖြစ်ပြီး စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ပျိုးဥယျာဉ်ရှိ
အပင်များအပြင် ပြင်ဦးလွင်အမျိုးသားကန်တော်ကြီး ပျိုးဥယျာဉ်၊ ဒါလီမြိုင်ပျိုးဥယျာဉ်နှင့် အခြားသော
ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြင်ဦးလွင်မြို့ နေရာအနှံတွင် သစ်တောပြုန်းတီးမှု အများအပြားဖြစ်ပွားနေခြင်းနည်းတူ
သောက်သုံးရေအတွက် ရေအဓိကဖြန့်ဖြူးပေးနေရသည့် သစ်တပင်တောင်ဒေသတွင် မြေနေရာ
ဦးခြင်းများ၊ ထွန်ယက်စိုက်ပျိုးနေခြင်းများရှိနေသည့်အတွက် အနာဂတ်ရေပေးဝေရေးကို ထိခိုက်မှုများ
ရှိလာနိုင်သဖြင့် သက်ကြီးပင်များစိုက်ပျိုးခြင်းနည်းတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း
အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်
သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးလေးမြင့်အောင်ကဆိုသည်။
"သစ်တပင်တောင်မှာ ပြီးခဲ့တဲ့နှစ်က စိုက်ထားတဲ့ အပင်လေးတွေ ပေါင်းသင်မယ်။ ဆက်ပြီးတော့လည်း
စိုက်သွားမယ်။ သစ်တပင်တောင်ရဲ့အခြေအနေက တော်တော်လေးကိုဆိုးနေပြီး
သစ်ပြုန်းတီးမှုကလည်း တစ်နှစ်နဲ့ တစ်နှစ် သိသာလာတယ်။ သစ်တပင်တောင်ပေါ်မှာ ခွင့်ပြုချက်မဲ့
သစ်ခုတ်တာ၊ ရာသီပေါ်သီးနှံစိုက်နေတာတွေကို တားဆီးနေရတယ်။ အခုလည်း နဂါးမောက်သီးတွေ
စိုက်နေလို့ တားဆီးနေရတယ်။ ကျူးကျော်နေထိုင်တာတွေရှိတယ်။ သက်တမ်း ၁၀၀ ကျော်ရှိနေတဲ့
ဒီရေကန်တွေ အဓွန့်ရှည်ဖို့ အရိပ်ရအပင်တွေ၊ ရေထိန်းအပင်တွေ စိုက်ပျိုးသွားမယ်" ဟု
ဦးလေးမြင့်အောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။















