တရုတ်နိုင်ငံတွင် အကျဉ်းကျပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နေရပ် အသီသီးသို့ ပြန်ပို့

တရုတ်နိုင်ငံတွင် အကျဉ်းကျပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နေရပ် အသီသီးသို့ ပြန်ပို့

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို
ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်ကာ မန္တလေးမြို့မှတဆင့် နေရပ်အသီးသီးသို့
ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"တရုတ်ပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား တွေဖြစ်တယ်။
သိရသလောက်အင်အား ၄၀၀ လောက်ရှိတယ်။ လေးရာထဲမှာ တစ်ချို့လည်း ရွှေလီဘက်မှာပဲ
ကျန်ခဲ့တဲ့အဖွဲ့တွေရှိတယ်။ အများအားဖြင့်တော့ ဒီကနေ အလုပ်လုပ်ဖို့ သွားရင်းနဲ့ လမ်းမှာ
အဖမ်းခံရတဲ့ အဖွဲ့တွေရယ်၊ စက်ရုံတွေရောက်ပြီးမှ ၀င်ပြီးအဖမ်းခံရတဲ့ အဖွဲ့ပါ။ နယ်ကျော်တဲ့အခါ
နိုင်ငံကူးလက်မှတ် မရှိလို့အဖမ်းခံရတာ။ သူ့တို့ ဥပဒေနဲ့ ဖမ်းဆီးအရေးယူပြီး ပြန်ထွက်လာတဲ့
အဖွဲ့တွေပါ"ဟု မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် နေရာပြန်လည် ချထားရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

အဆိုပါအကျဉ်းသားများနှင့် ပတ်သက်ပြီး တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့
တွေ့ဆုံညှိနှိုင်းခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသား မှန်မမှန်စိစစ်ကာ မှန်ကန်သည့်သူများကို
ပြန်လည်ခေါ်ယူခဲ့ကြောင်း ၄င်းက ပြောသည်။

တရုတ်နိုင်ငံတွင် အကျဉ်းကျသည့်သူများတွင် အချို့မှာ ရက် ၂၀ သာနေခဲ့ရသော်လည်း အချို့မှာ
၄၅ ရက်အထိနေ့ခဲ့ရသူများရှိကြောင်း၊ အချို့မှာ လုပ်ငန်းခွင်အတွင်းရောက်ရှိပြီးမှ အဖမ်းခံရသူများ
ရှိသကဲ့သို့ အချို့မှာ လုပ်ငန်းခွင်မရောက်မီ လမ်းခုလတ်တွင် အဖမ်းခံရသူများလည်းရှိကြောင်း
ပြန်လည်ရောက်ရှိလာသူများက ပြောသည်။

"ကိုယ့်ရပ်ရွာက သွားနေတဲ့ သူတွေကို မြင်လို့ သွားချင်စိတ်ပေါ်ပြီး သွားမိတာ။ ဟိုမှာ တစ်လကို
ငါးသိန်းခြောက်သိန်းလောက် ရမယ်ဆိုလို့ သွားတာ။ လုပ်ငန်းခွင်မရောက်ခင် ရှမ်တုန်ပြည်နယ်မှာ
တရားမဝင်သွားလာလို့အဖမ်းခံရတယ်။ လော့ရာအချုပ်ခန်းမှာ ၄၅ ရက်လောက်နေခဲ့ရတယ်။
ဧပြီလ ၂၇ ရက်နေ့က ကားနဲ့ လေယာဉ်ကွင်း လိုက်ပို့တယ်။ ရှမ်တုန်ကနေ ခွေမင်လေယာဉ်ကွင်း။
အဲဒီကတဆင့် ချင်းရွှေဟော်ကို ပို့တယ်"ဟု မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ ကိုအောင်မြင့်သူက
ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လည်လွဲပြောင်းပေးလိုက်သည့် လူ ၄၀၀ အနက် ၁၅၇ ဦးသည် ဧပြီလ ၂၅ ရက်နေ့
ညနေပိုင်းက မန္တလေးမြို့သို့ ရောက်ရှိလာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်
နေရာပြန်လည်ချထားရေးဦးစီးဌာန၊ မန္တလေးမြို့ပေါ်ရှိ လူမှုကူညီအရေးအသင်း အဖွဲ့များ၏
အစီအစဉ်ဖြင့် ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

"မကွေးအဖွဲ့က ၉၀ ပါတယ်။ မြစ်ကြီးနားက ၂၅ ယောက်ပါတယ်။ တမူးက ၄၂ ယောက်ပါတယ်။
အဲဒီအဖွဲ့တွေကို ရောက်ရောက်ချင်း တိုင်းအစိုးရကိုသတင်းပို့တယ်။ ထွေအုပ်ကို ချိတ်တယ်။ ပြီးတဲ့အခါ
လူမှုအသင်းအဖွဲ့တွေကို လိုက်ချိတ်တယ်"ဟု ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

လူဦးရေ အများဆုံးဖြစ်သည့် မကွေးအဖွဲ့ကို မဏိစလလူမှုကူညီရေး အသင်းကလည်းကောင်း၊
မြစ်ကြီးနားအဖွဲ့ကို ဗြမစိုရ်လူမှုကူညီရေးအသင်းက လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး တမူးအဖွဲ့ကို
ဦးစီးဌာနက ကားခအကုန်အကျခံကာ ပို့ဆောင်ပေးခဲ့ကြောင်း ၄င်းက ပြောသည်။

"အဲဒီလို ပို့တဲ့အခါမှာ စားဖို့သောက်ဖို့အတွက် ဒီချုပ်ပါတီက တာဝန်ယူဆောင်ရွက်ပေးတယ်။
အလားတူပဲ ပြည်ခိုင်ဖြိုးပါတီက တစ်ယောက်ကို နှစ်ထောင်နှုန်းနဲ့ ထောက်ပံ့သွားတယ်။ အခုလို
ဖြစ်လာရင် တစ်ဦးတစ်ယောက်တည်းနဲ့ ဖြေရှင်းလို့မရဘူး။ အကုန်လုံးဝိုင်းပြီး ဖြေရှင်းမှသာ
အဆင်ပြေတယ်"ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး