မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ခြိမ်းခြောက်အကျပ်ကိုင်ပြီး
အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အမှုတွင် ကျူးလွန်ခဲ့သူသည် နောက်ခံ
အင်အားတောင့်တင်းမှုကြောင့် အမှုမှန်ပျောက်ကွယ်လုနီးပါး ဖြစ်နေသဖြင့် အမှုမှန်ကို
ဖော်ထုတ်အရေးယူပေးရန် ကာယကံရှင် အမျိုးသမီးက ပြီးခဲ့သည့် ရက်သတ္တပတ်တွင်
တောင်းဆိုလိုက်သည်။
ပြစ်မှုကျူးလွန်သူဆိုသူသည် ပခုက္ကူမြို့နယ် ပခုက္ကူရေအလှူတော်အသင်းနှင့် မေတ္တာ
မီးအိမ်ရှင် အောက်ဆီဂျင် ငှားရမ်းရေးအသင်းတို့တွင် ပါဝင်ကာ ပရဟိတလုပ်ငန်းများ
လုပ်ကိုင်လျက်ရှိသည့် ဦးမျိုးဇော်ထွေးဆိုသူဖြစ်ပြီး ၄င်းသည် နောက်ခံအင်အားတောင့်
တင်းမှုကြောင့် ရဲတပ်ဖွဲ့ကပင် သက်သေခံပစ္စည်းအချို့ကို ဖျောက်ဖျက်မှုရှိနေပြီး အမှုမှန်မှာ
ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်အတွက် အမှုမှန်ကို အများပြည်သူသိရှိနိုင်ရန်ဟုဆိုကာ
ကာယကံရှင်အမျိုးသမီးဖြစ်သူက ပြီးခဲ့သည့် ဧပြီ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ
သတင်းထောက် ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ လာရောက်ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။
''ကျွန်မအဖြစ်က လူ့ဘဝကော ကျွန်မစိတ်ပိုင်းဆိုင်ရာပါ အကြိမ်ကြိမ်ရိုက်ချိုးခံနေရတယ်။
ကျွန်မ ဒီစိတ်ဒဏ်ရာတွေနဲ့ ဘဝက လွတ်မြောက်ဖို့ ကြိုးစားနေပေမဲ့လည်း သူ့ရဲ့
(အဓမ္မပြုကျင့်သူ) နောက်ခံအင်အားတောင့်တင်းတာကြောင့် ကူညီပေးမယ့်သူ နည်းပါးပြီး
အမှုမှန်က ပျောက်ကွယ်လုဖြစ်နေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကို
အမှုမှန်ဖော်ထုတ်အရေးယူပေးဖို့ ကျွန်မ တောင်းဆိုပါတယ်'' ဟု အဓမ္မပြုကျင့်ခံခဲ့ရသည်
ဆိုသော မနီနီလွင်က သတင်းထောက်များကို ပြောသည်။
သူသည် ပခုက္ကူမြို့ရှိ အခြေခံစာသင်ကျောင်းတစ်ကျောင်းတွင် စာရေးမအဖြစ် တာဝန်
ထမ်းဆောင်နေသူဖြစ်ပြီး ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပခုက္ကူမြို့၏ နာမည်ကြီး
ပရဟိတသမားတစ်ဦးဖြစ်သည့် ဦးမျိုးဇော်ထွေးဆိုသူနှင့် အင်တာနက်လူမှုကွန်ရက်
စာမျက်နှာမှ တစ်ဆင့် ရင်းနှီးသိကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ သူငယ်ချင်းဖြစ်သူ၏ အမျိုးသားကို
မန္တလေးဆေးရုံသို့ ပို့ဆောင်ပေးရန် ၄င်းထံ အကူအညီတောင်းခံခဲ့ရာ နံနက်မိုးမလင်းမီ
သွားရောက်ရမည်ဖြစ်သဖြင့် ၄င်း၏နေအိမ်သို့ လာရောက်တည်းခိုအိပ်စက်ရန် ပြောဆိုမှုကြောင့်
၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် သွားရောက်တည်းခိုအိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း၊
၄င်း၏ နေအိမ်သို့ ရောက်ရှိမှသာ ဆွေမျိုးသားချင်းများမရှိကြောင်း သိရှိခဲ့ရပြီး
တစ်ဆက်တည်းမှာပင် မျိုးဇော်ထွေး၏ အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခြင်းကို
ခံခဲ့ရသော်လည်း ကြိုးစားရုန်းကန်မှုနှင့် အသနားခံမှုကြောင့် အဓမ္မပြုကျင့်ခံရမှုမှ
လွတ်မြောက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် မန္တလေးဆေးရုံမှ ပြန်လာချိန်၌ ၄င်း၏
နေအိမ်သို့ အတင်းအကျပ်ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း
မနီနီလွင်က ပြောသည်။
ထို့ပြင် သူအိပ်ပျော်စဉ်တွင် အတူပွေ့ဖက်ထားသည့် အိပ်ခန်းအတွင်းမှ ဓာတ်ပုံများကို
ရိုက်ယူထားပြီးနောက် အဆိုပါ ဓာတ်ပုံများကို ဖြန့်ဝေပစ်မည်ဟု အကျပ်ကိုင်ခြင်းများနှင့်
အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်၍ အကြိမ်ကြိမ်ခေါ်ယူကာ အဓမ္မပြုကျင့်ခြင်းကို
ခံခဲ့ရကြောင်း ၄င်းကဆိုသည်။
တစ်လတာကာလအတွင်း ၄င်း၏နေအိမ်နှင့် ဟိုတယ်များသို့ ၁ဝ ကြိမ်နှင့်အထက်
ခေါ်ဆောင်ခံခဲ့ရပြီး အကြိမ်ရေ (၃ဝ) ခန့်အထိ အဆိုပါ ပုဂ္ဂိုလ်က အဓမ္မပြုကျင့်ခဲ့ကြောင်း
မနီနီလွင်က ပြောသည်။
ထို့နောက် ၂ဝ၁၇ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် အဓမ္မပြုကျင့်ခံရပြီး နေအိမ်အတွင်း
ပိတ်လှောင်ထားစဉ်အတွင်း သူ့ကဲ့သို့ အဓမ္မပြုကျင့်ရန်ကြံစည်ခံထားရသူ အမျိုးသမီး
တစ်ဦးထံ သူ့ကို အမြန်ဆုံးကယ်ဆယ်ပေးရန် ဆက်သွယ်အကူအညီတောင်းခံမှုကြောင့်
ဌာနဆိုင်ရာများ၏ ပူးပေါင်းကယ်ထုတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်
ကာယကံရှင်များက ပြောသည်။
''ကျွန်မတို့ သူ့ကိုသွားကယ်တဲ့နေရာမှာ ဘုန်းကြီးတစ်ပါးကလည်း ကူညီပေးခဲ့တယ်။ ရဲတွေက
တရားခံဘယ်သူမှန်း ရိပ်မိတော့ အင်တင်တင်လုပ်နေကြတာ။ အဲဒီဘုန်းတော်ကြီးက ငါတို့မှာ
သက်သေအထောက်အထားအခိုင်အမာရှိတယ်။ လိုက်ကယ်ထုတ်ပေးပါဆိုပြီး အတင်းခိုင်း
ခဲ့ရတယ်''ဟု ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ကယ်ဆယ်ပေးခဲ့သည့် အမည်မဖော်လိုသူ
အမျိုးသမီးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ အမျိုးသမီးမှာလည်း ပြစ်မှုကျူးလွန်သူနှင့် ခင်မင်ခဲ့သူဖြစ်ပြီး မန္တလေးမြို့သို့
သွားရောက်ရာတွင် လိမ်လည်ခေါ်ဆောင်ခဲ့ပြီး အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်မှုမှ
လွတ်မြောက်ခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု ကြံုတွေ့ခဲ့ရကြောင်း
ကာယကံရှင် အမျိုးသမီးက ဆိုသည်။
လက်ရှိတွင် အဓမ္မပြုကျင့်မှုအတွက် သက်သေခံဓာတ်ပုံမှတ်တမ်းများဖြင့်
အမှုဖွင့်တိုင်းတန်းထားသော်လည်း ကျူးလွန်သူ၏ ဖုန်းနှစ်လုံးနှင့် သက်သေခံပစ္စည်းများကို
ရဲတပ်ဖွဲ့က ဖျောက်ဖျက်ပေးထားသည့်အပြင်ပြစ်မှုကျူးလွန်သူ စီးနင်းအသုံးပြုနေသည့်
လိုင်စင်မဲ့ ပရဟိတမော်တော်ယာဉ်နှင့် ၄င်း၏သက်သေခံ လက်ပ်တော့ကွန်ပျူတာများကို
သိမ်းဆည်းပေးထားခြင်းမရှိကြောင်း ကာယကံရှင်အမျိုးသမီးက စွပ်စွဲပြောဆိုထားသည်။
အဓမ္မပြုကျင့်ခံထားရသူကို ပိတ်လှောင်ထားသည့်နေအိမ်မှ သွားရောက်ကယ်ဆယ်ခဲ့
ကြသည့် ရုပ်သံဖိုင်တစ်ခုကို ကာယကံရှင်များက သတင်းစာရှင်းလင်းပွဲတွင် ပြသခဲ့သည်။
အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံထားရသူ ဦးမျိုးဇော်ထွေးက ခြိမ်းခြောက်အကျပ်ကိုင်ပြီး
အဓမ္မပြုကျင့်ခဲ့သူနှင့် ကာမလိမ်လည်ရယူခံခဲ့ရသူ အမျိုးသမီးငယ် စုစုပေါင်းခြောက်ဦးနှင့်
အထက်ရှိနေပြီး ၄င်းတို့အထဲမှ အဓမ္မပြုကျင့်ခံထားရသူနှစ်ဦးကို အခိုင်အမာ
သက်သေပြနိုင်ကြောင်း ကာယကံရှင်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်ရန် ကြံစည်
အားထုတ်ခံခဲ့ရသည့် အမျိုးသမီးတို့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး အဓမ္မပြုကျင့်သူဟု စွပ်စွဲပြောဆိုခံထား
ရသည့် ဦးမျိုးဇော်ထွေးအား မြန်မာတိုင်း(မ်)အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူဟု အမှုဖွင့်ခံထားရသည့် ဦးမျိုးဇော်ထွေးကို
ထောင်အချုပ်သို့ ပို့ဆောင်ထားပြီး အဓမ္မပြုကျင့်မှုပုဒ်မ (၃၇၆)ဖြင့် ရမန်ယူစစ်ဆေး
လျက်ရှိကြောင်း ပခုက္ကူမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးက
ဧပြီ ၃ဝ ရက်တွင် မြန်မာတိုင်း(မ်)၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ကာယကံရှင်အမျိုးသမီးများ၏ စွပ်စွဲပြောကြား
ချက်များနှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့သို့ အတည်ပြုမေးမြန်းရာ ဖြေကြားပေးရန်
ငြင်းဆိုခဲ့သည်။
ပြစ်မှုဖြင့် တရားစွဲခံထားရသည့် ဦးမျိုးဇော်ထွေးသည် ပခုက္ကူရေအလှူတော်အသင်းနှင့်
မေတ္တာမီးအိမ်ရှင်အောက်ဆီဂျင်ငှားရမ်းရေးအသင်းတို့တွင် ပါဝင်လုပ်ကိုင်နေသော်လည်း
၄င်းပြုလုပ်ခဲ့သည့် လူမှုရေးကိစ္စသည် အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့်
ပါဝင်ပတ်သက်ခြင်း မရှိကြောင်းပခုက္ကူ ရေအလှူတော်အသင်းက ထုတ်ပြန်ကြေညာ
ထားသည်။
















