နိုင်ငံတစ်ဝန်းမှ ရေနံမြေအလုပ်သမားများ တက်ရောက်သည့် အလုပ်သမားနေ့အခမ်းအနား ချောက်ရေနံမြေတွင် ကျင်းပ

နိုင်ငံတစ်ဝန်းမှ ရေနံမြေအလုပ်သမားများ တက်ရောက်သည့် အလုပ်သမားနေ့အခမ်းအနား ချောက်ရေနံမြေတွင် ကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေအတွင်း နှစ်ပေါင်း ၂၀ ကျော် ကျင်းပပြုလုပ်ခွင့် မရခဲ့သည့်
အလုပ်သမားနေ့ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁ ရက်တွင် ပြန်လည်ကျင်းပခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ
တစ်ဝန်းမှ ရေနံမြေအလုပ်သမားများ တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနားဖြစ်မြောက်ရေး
ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်း ကပြောသည်။

"ဒီလို အလုပ်သမားနေ့ အခမ်းအနားကို ၁၉၈၈ ခုနှစ် နောက်ပိုင်းတွေမှာ လုပ်ခွင့်မရခဲ့ဘူး။ အခုလို
နှစ်ပေါင်း၂၀ ကျော်မှ ပြန်ပြီး လုပ်ခွင့်ရခဲ့တာပါ။ တစ်နိုင်ငံလုံးက အလုပ်သမားတွေ ပါ၀င်တဲ့ပွဲဖြစ်အောင်
တစ်နိုင်ငံလုံးက ရေနံမြေအလုပ်သမားတွေနဲ့ ချိတ်ဆက်ပြီးတော့ ကြိုးပမ်းခဲ့ပါတယ်"ဟု
၎င်းက ပြောသည်။

အဆိုပါအခမ်းအနားကို မကွေးတိုင်းဒေသကြီး ချောက်မြို့ အေးစေတီဘုရားကွင်းတွင်
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ရေနံမြေလုပ်သားများအပါအဝင် မကွေးတိုင်းဒေသကြီး
လွှတ်တော် ဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
၀န်ကြီး တက်ရောက်ခဲ့သည်။

အဆိုပါ ချောက်ရေနံမြေ အလုပ်သမားနေ့ အခမ်းအနားကို သုံးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး
အလုပ်သမားအချင်းချင်း နှီးနှောဖလှယ် ဆွေးနွေးပွဲများ၊ စာပေဟော ပြောပွဲများ၊ သံချပ်ပြိုင်ပွဲများ၊
ဧည့်ခံဖျော်ဖြေပွဲများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ အခမ်းအနားသို့ ချောက်ရေနံမြေမှ ဘိုးလှကြီးရေနံမြေ
သမဂ္ဂ၊ သခင်မြေအလုပ်သမားသမဂ္ဂ၊ ရေနံချောင်းရေနံမြေမှ ရွှေရေနံ့သာအလုပ်သမား သမဂ္ဂ၊
Gold-petrol (ထုတ်လုပ်ရေး)၊ မန်းရေနံမြေမှ ရွှေမန်းသာယာ အလုပ်သမားသမဂ္ဂ၊ မြန်အောင်
ရေနံမြေမှ ရွှေဧရာလွန်ဆေး အလုပ်သမားသမဂ္ဂ၊ ပြည်ရေနံမြေမှ ရွှေပြည်ဟင်္သာအလုပ်သမားသမဂ္ဂ၊
ညောင်တုန်းရေနံမြေမှ ဧရာနံ့သာ အလုပ်သမားသမဂ္ဂ၊ အဖျောက်ရေနံမြေမှ အဖျောက်ရေနံမြေ
အလုပ်သမားများသမဂ္ဂ၊ သာကြီးတောင်ရေနံမြေမှ ရွှေရည်ဆယ်သားအလုပ်သမားသမဂ္ဂ၊
ကျောက်ခွတ်၊ လက်ပံတိုရေနံမြေမှ နံ့သာမြိုင် မျိုးဆက်သစ် အလုပ်သမားသမဂ္ဂ၊ စသည့်
ရေနံမြေ အလုပ်သမား ၁,၅၀၀ ကျော်တက် ရောက်ခဲ့ကြခြင်းဖြစ်သည်။

"အလုပ်သမားအခွင့်အရေးကို အလုပ်သမားတွေကပဲ တောင်းဆိုတယ် ဆိုတာထက် အစိုးရကလည်း
အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ အလုပ်သမားတွေအတွက် ကာကွယ်ပေးမယ့် ဥပဒေတွေကို
ရရှိအောင် ကူညီပေးဖို့လည်းလိုပါတယ်"ဟု ရေနံချောင်း ရေနံမြေ ရွှေရေနံ့သာအလုပ်သမားသမဂ္ဂ
အတွင်းရေးမှူးဦးလေးနိုင်က ပြောသည်။

အလုပ်သမားများ၏ အခွင့်အရေးကို အလုပ်သမားများသာမက ပြည်သူလူထူနှင့် အစိုးရပါ
ပူးပေါင်းပါ၀င်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါ အလုပ်သမားနေ့အခမ်းအနားသို့
တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည့် မကွေးတိုင်းဒေသကြီးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီးဦးနေမျိုးကျော်က ပြောကြားသည်။

"သခင်ဖိုးလှကြီးကစပြီး တောင်းဆိုခဲ့တဲ့ အလုပ်သမားအခွင့်အရေးတွေက နှစ်ပေါင်းများစွာ
ကြာပေမဲ့လည်း အခုထိတောင်းဆိုနေရဆဲပါ"ဟု မင်းဘူးမန်းရေနံမြေမှ ရေနံအလုပ်သမားတစ်ဦးက
ပြောသည််။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး