သင်္ကြန်အပြီး လက်ရှိကာလတွင် မန္တလေးကားစျေးကွက်၌ ကားစျေးနှုန်းများမှာ မြင့်နေဆဲ
ဖြစ်ကာ အရောင်းအဝယ်မှာမူ ပုံမှန်သာရှိနေကြောင်း ကားအရောင်းအဝယ်လုပ်ကိုင်သူ
အချို့က ပြောသည်။
သင်္ကြန်မတိုင်မီက အရည်ကြိုအပ်ကားစျေးနှုန်းများ အနည်းငယ် အပြောင်းအလဲဖြစ်ခဲ့
သည်မှလွဲ၍ လက်ရှိကာလအထိ ကားစျေးနှုန်းများမှာ အပြောင်းအလဲ မများကြောင်း၊
နံပါတ်ထွက်ပြီး ကားဟောင်းများဖြင့်သာအဓိက လည်ပတ် အလုပ်လုပ်ကိုင်နေကြကြောင်း
ပြည်ကြီးမျက်ရှင် ကားရောင်းဝယ်ရေးစခန်းမှ အတွင်းရေးမ·း ဦးဝင်းမြင့်ဦးကပြောသည်။
''သင်္ကြန်မတိုင်ခင်က အပ်ကုန်စနစ်နဲ့သွင်းထားပြီး ရောင်းမထွက်သေးတဲ့ စလစ်ကပ်ကား
တွေကို စလစ်အစား ကျပ်သိန်း ၃ဝ ကျော်သွင်းပြီး ရောင်းခွင့် ပြန်ပေးမယ်ဆိုတဲ့ သတင်းမျိုး
ထွက်လာလို့ အပ်ကားတွေ ၁ဝသိန်း၊ ၁၅ သိန်းလောက် စျေးပြုတ်ကျသွားသေးတယ်။
အခုတော့ ပုံမှန် ၉၅ သိန်းလောက် စျေးပြန်ဖြစ်သွားပါပြီ။ ကားစျေးကွက်အတွက်က
မူဝါဒထုတ်ပြန်ပြီ ဆိုရင်လည်း လူတိုင်း လက်ခံနိုင်တဲ့ မူဝါဒမျိုးကို ရေရှည်ထုတ်ပြန်နိုင်ရင်
ကောင်းပါတယ်။ စျေးကွက်မှာ သတင်းဦးသိတဲ့ သူတွေက အကျိုးရှိပြီးတစ်ပိုင်တစ်နိုင်
လုပ်စားသူတွေကျတော့ ဆုံးရှုံးမှု များတတ်ပါတယ်''ဟု ၄င်းက ပြောသည်။
ကားစျေးကွက်အတွက် မူဝါဒ၊ ငွေကြေးစျေးနှုန်းနှင့် အခွန်အခများမှာ အဓိကကျနေပြီး
နံပါတ်ထွက်ပြီး ကားများဖြင့်သာ စျေးကွက်အများဆုံး လည်ပတ်နေရဆဲဖြစ်ကြောင်း
ပြောသည်။
နိုင်ငံအတွင်း လူသိများသော ကားအရောင်းအဝယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့်
Motors.com.mm မှ အမှုဆောင်ဒါရိုက်တာဦးညိုသွေးက ဝင်ငွေခွန်အပြင် ကားသွင်း၍
မရခြင်း၊ သွင်းထားသော ကားများတွင် လိုင်စင်မဝင်ရသေးခြင်းများ ရှိခြင်းကြောင့်
ကားစျေးနှုန်းများမှာ ဆက်လက် မြင့်နေမည်ဖြစ်ကြောင်း ပြောသည်။
''အခုနောက်ပိုင်းမှာ အဝယ်တွေအနေနဲ့ကားဟောင်းတွေအပြင် ကားသစ်တွေကိုလည်း
တော်တော်စိတ်ဝင်စားလာကြတာ တွေ့ရပါတယ်။ တချို့ ကားကုမ္ပဏီတွေဆိုအမှာစာ
တင်ပြီး စောင့်နေရတဲ့ အနေအထားတွေရှိတယ်။ ကားသစ်တွေထဲမှာ အစိတ်အပိုင်း
တချို့ကို ဒီမှာ တပ်ဆင်လို့ရတဲ့ ကားတွေက အခွန်လျှော့လို့ စျေးသက်သာတယ်။
ဒေါ်လာ ၈ဝ,ဝဝဝ လောက်ကနေ ဒေါ်လာ ၆ဝ,ဝဝဝ လောက်ကို ကျသွားတာ ရှိတယ်။
ကားသစ်တွေက ရန်ကုန်လိုင်စင်ရတယ်၊ ဘယ်မောင်းဖြစ်တယ်၊ တချို့ အရစ်ကျစနစ်နဲ့
ရနိုင်တဲ့ အားသာချက်တွေ ရှိနေတယ်''ဟု ဦးညိုသွေးက ပြောသည်။
















