တရုတ်နိုင်ငံတွင် အကျဉ်းကျပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့

တရုတ်နိုင်ငံတွင် အကျဉ်းကျပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့

တရုတ်နိုင်ငံတွင် နိုင်ငံကူးလက်မှတ် မရှိသောကြောင့် အကျဉ်းကျပြီး ပြန်ရောက်လာသည့်
မြန်မာနိုင်ငံသားများကို ဧပြီ ၂၉ရက်တွင် မန္တလေးမြို့မှတစ်ဆင့် ၄င်းတို့၏နေရပ်အသီးသီး
သို့ တာဝန်ရှိသူများက ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

''တရုတ်ပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ
ဖြစ်တယ်။ သိရသလောက် အင်အား ၄ဝဝ လောက် ရှိတယ်။ ၄ဝဝ ထဲမှာ တချို့လည်း
ရွှေလီဘက်မှာပဲ ကျန်ခဲ့တဲ့အဖွဲ့တွေရှိတယ်။ အများအားဖြင့်တော့ ဒီကနေအလုပ်လုပ်ဖို့
သွားရင်းနဲ့ လမ်းမှာ အဖမ်းခံရတဲ့အဖွဲ့တွေရယ်၊ စက်ရုံတွေရောက်ပြီးမှ ဝင်ပြီး အဖမ်းခံရ
တဲ့အဖွဲ့ပါ။ နယ်ကျော်တဲ့အခါ နိုင်ငံကူးလက်မှတ်မရှိလို့ အဖမ်းခံရတာ။ သူတို့ဥပဒေနဲ့
ဖမ်းဆီး အရေးယူပြီး ပြန်ထွက်လာတဲ့ အဖွဲ့တွေပါ''ဟု မန္တလေးတိုင်းဒေသကြီး
ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်
ဆွေက ပြောသည်။

အဆိုပါ အကျဉ်းသားများနှင့် ပတ်သက်ပြီး တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့တွေ့ဆုံ
ညှိနှိုင်းခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသားမှန်၊ မမှန်စိစစ်ကာ မှန်ကန်သည့်သူများကို ပြန်လည်
ခေါ်ယူခဲ့ကြောင်း ၄င်းက ပြောသည်။

တရုတ်နိုင်ငံတွင် အကျဉ်းကျသည့်သူများအနက် အချို့မှာ ရက် ၂ဝ သာ နေခဲ့ရသော်လည်း
အချို့မှာ ၄၅ ရက်အထိနေခဲ့ရသူများ ရှိကြောင်း၊ အချို့မှာ လုပ်ငန်းခွင်အတွင်းရောက်ရှိပြီးမှ
အဖမ်းခံရသူများ ရှိသကဲ့သို့ အချို့မှာ လုပ်ငန်းခွင်မရောက်မီ လမ်းခုလတ်တွင် အဖမ်းခံရ
သူများလည်းရှိကြောင်း ပြန်လည်ရောက်ရှိလာသူများက ပြောသည်။

''ကိုယ့်ရပ်ရွာက သွားနေတဲ့သူတွေကို မြင်လို့ သွားချင်စိတ်ပေါ်ပြီး သွားမိတာ။ ဟိုမှာ
တစ်လကို ငါးသိန်း၊ ခြောက်သိန်းလောက် ရမယ်ဆိုလို့ သွားတာ။ လုပ်ငန်းခွင် မရောက်ခင်
ရှမ်တုန်ပြည်နယ်မှာ တရားမဝင် သွားလာလို့ အဖမ်းခံရတယ်။ လော့ရာအချုပ်ခန်းမှာ ၄၅
ရက်လောက်နေခဲ့ရတယ်။ ဧပြီ ၂၇ ရက်က ကားနဲ့လေယာဉ်ကွင်း လိုက်ပို့တယ်။ ရှမ်တုန်
ကနေ ခွေမင်လေယာဉ်ကွင်း။ အဲဒီက တစ်ဆင့်ချင်းရွှေဟော်ကို ပို့တယ်''ဟု မကွေးတိုင်း
ဒေသကြီး၊ ပေါက်မြို့နယ်မှ ကိုအောင်မြင့်သူက ပြောသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး