မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်၂၂
မြို့နယ်မှ စည်ပင်သာယာရေးအဖွဲ့များက သက်ဆိုင်ရာ မြို့နယ်အလိုက် အမှိုက်သိမ်း
ဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ရာတွင် ပြီးခဲ့သည့် ၂ဝ၁၆-၇ ဘဏ္ဍာနှစ်
အတွက် ကျပ်သိန်းပေါင်း ၅,၇ဝဝ ကျော် အရှုံးပေါ်ခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီး
စည်ပင်သာယာရေးအဖွဲ့၏ စာရင်းများအရသိရသည်။
''မနှစ်က ကောက်ယူခဲ့တာမှာ အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုကနေ ကျပ်သိန်း ၅,ဝဝဝ
ကျော် အရှုံးပေါ်ခဲ့တယ်။ ဒါပေမဲ့ အခုဘဏ္ဍာနှစ်မှာတော့ အရှုံးပေါ်နေလို့ အမှိုက်သိမ်း
ဆည်းခြင်း ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခကို တိုးကောက်တာမျိုး မလုပ်သေးပါဘူး''ဟု
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမ·း ဦးမင်းအောင်မြင့်စိုးက
ဧပြီ ၂၇ ရက်က ပြောသည်။
မန္တလးတိုင်း စည်ပင်ကွပ်ကဲမှုအောက်ရှိမြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၏ အမှိုက်
သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းတွင် အရှုံးအများဆုံးပြခဲ့သည့် မြို့နယ်မှာ
မိတ္ထီလာမြို့နယ်ဖြစ်ပြီး အဆိုပါမြို့နယ်တွင်ကျပ်သိန်းပေါင်း ၁,ဝဝဝ ကျော်အထိ
အရှုံးပြခဲ့ပြီး ဒုတိယအများဆုံးမြို့နယ်မှာ မြင်းခြံမြို့နယ်ဖြစ်ကာ အဆိုပါမြို့နယ်တွင်
ကျပ်သိန်းပေါင်းရဝဝကျော် အရှုံးပြထားကြောင်း စာရင်းများအရ သိရသည်။
အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ အမြတ်ငွေအများဆုံး ပြန်လည်ရရှိသည့်
မြို့နယ်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်ကို ပေးထားသည့် ပြင်ဦးလွင်မြို့နယ်ဖြစ်ပြီး အဆိုပါ
ပြင်ဦးလွင်မြို့နယ်မှ အမှိုက်သိမ်းဆည်းခြင်းအတွက် အမြတ်ငွေ ကျပ်သိန်း ၈ဝဝ ကျော်
ရှိခဲ့သော်လည်း သက်ဆိုင်ရာမြို့နယ်စည်ပင်များက ကိုင်တွယ်သည့် အမှိုက်သိမ်းဆည်း
ခြင်းတွင် ငွေကြေးအများဆုံး ပြန်လည်ရရှိသည့်မြို့နယ်မှာ မိထ္ထီလာမြို့နယ်ဖြစ်သော်လည်း
အဆိုပါမြို့နယ်မှ ပြန်လည်ရရှိသည့် ငွေကြေးမှာ ကျပ်သိန်းပေါင်း ၃၅ဝ ကျော် ဖြစ်ပြီး
အသုံးပြုရသည့်ငွေကြေးမှာ ကျပ်သိန်းပေါင်း ၁,၃ဝဝ ကျော် ဖြစ်သည့်အတွက်
မိတ္ထီလာမြို့နယ်အတွက် အရှုံးပြငွေမှာ ကျပ်သိန်းပေါင်း ၁,ဝဝဝ ကျော်အထိအရှုံးပြနေသည်။
''ဝန်ဆောင်မှုပေးခြင်းအတွက် စည်ပင်ဘက်ကနေ အသုံးပြုငွေက နည်းပေမဲ့ ပြန်လည်
ရရှိတဲ့ ငွေကြေးတွေက များနေတဲ့အတွက် အရှုံးပြရခြင်း ဖြစ်ပါတယ်''ဟု ဦးမင်းအောင်
မြင့်စိုးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်
သာယာအဖွဲ့များထဲမှ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို ပုဂ္ဂလိကပေးထားသည့်
ပြင်ဦးလွင်မြို့နယ်တစ်နယ်သာ အမြတ်ငွေရရှိပြီး ကျန်သည့် ၂၁ မြို့နယ်တွင် အရှုံးပြ
နေကြောင်းစာရင်းများတွင် ဖော်ပြထားသည်။
''ပြည်သူ့အခွန်ငွေတွေနဲ့ ပြန်လည်လုပ်ဆောင်ရာမှာ အရှုံးတွေပဲ ပြနေတယ်ဆိုတာက
သိပ်မကောင်းဘူး။ အရှုံးပြတယ်ဆိုရင် မရှုံးအောင် ဒါမှမဟုတ် အမြတ်ရအောင်
လုပ်ရမယ်။ အမြတ်ရတယ်ဆိုရင် အခြားနေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ
ပိုလုပ်လာနိုင်မယ်လေ။ ပြည်သူတွေဘက်ကလည်း အမှိုက်သိမ်းဝန်ဆောင်မှုအတွက်
အခွန်တွေ တိုးဆောင်ရမယ်ဆိုရင်လည်း တိုးဆောင်ပေးရမယ်။တိုးဆောင်ပေးသလို
စည်ပင်ဘက်ကနေလည်းဝန်ဆောင်မှုတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်ရမယ်''ဟု
မိတ္ထီလာမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှ ဦးသိန်းစိုးက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်
၂၂ ခုအတွက် အမှိုက်သိမ်းဆည်းခြင်းဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်သားအင်အား ၄၅၅
ဦးနှင့် အမှိုက်သိမ်းကား ၁၄၅ စီး အသုံးပြုခဲ့ကြောင်းနှင့် အဆိုပါမြို့နယ်များမှ ထွက်ရှိသည့်
အမှိုက်မှာ အမှိုက်တန်ချိန် ၈၅,၈၅၆ ဒသမ ၁၂ အထိ ထွက်ခဲ့ကြောင်း စာရင်းများတွင်
ဖော်ပြထားသည်။















