မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းတွင် သရက်သီးနှင့် လက်ဖက်ပြပွဲပြိုင်ပွဲကို
မေ ၂ဝ ရက်မှ ၂၂ ရက်အထိ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
''မြန်မာတစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေ ပါဝင်ပြသမယ်။ သရက်သီးက ၂၈ ခန်းနဲ့
လက်ဖက်က ၂၈ ခန်းပါမယ်။ သရက်သီးအနေနဲ့ ပြောမယ်ဆိုရင် ပထမဆုံးလုပ်တဲ့
မြန်မာ့သရက်ပွဲတော်ပေါ့''ဟု ၄င်းက ပြောသည်။
တောင်သူများအား အသိပညာပေးသည့် အစီအစဉ်များလည်း ပါဝင်သဖြင့် မိုင် ၅ဝ
ပတ်လည်အတွင်းရှိ တောင်သူများကို ကားများဖြင့် အခမဲ့ ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း
၄င်းက ပြောသည်။
''သရက်ပင် ဘယ်လိုစိုက်ရမယ်။ သရက်သီးခူးရင် ဘယ်လိုခူးရမယ်။ အသေးစိတ်
ပညာပိုင်းတွေ ပြမှာဆိုတော့ လူတွေစိတ်ဝင်စားစရာ ဖြစ်မယ်''ဟု ၄င်းက ဆိုသည်။
ယခုပြပွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့မျိုးရင်း သရက်သီးများအားလုံးကို
ပြည်သူများ သိရှိအောင် ပြသသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''မြန်မာ့မျိုးရင်းက ၂ဝဝ ကျော်လောက်ရှိတယ်။ မနှစ်ကမျိုးတွေလိုက်စုတာ ၁၉၆ မျိုးရတယ်။
ရွာတွေက စိတ်ဝင်စားတဲ့သူတွေ မေ ၁၈ ရက်အရောက် လာလှူပေးပါလို့ ပြောချင်ပါတယ်''
ဟု ၄င်းက သရက်တောင်သူများကို ပါဝင်ပြသရန် ဖိတ်ခေါ်သည်။
လာရောက်ပြသသည့် သရက်သီးများကို အမျိုးအစားအလိုက် ဆုများပေးအပ်သွားမည်ဟု
လည်း ၄င်းက ပြောသည်။
















