မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းတွင် သရက်သီးနှင့် လက်ဘက်ပြပွဲပြိုင်ပွဲကို
မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိပထမဆုံးအကြိမ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ဥက္ကဌဒေါ်သန်းသန်းဆွေ က ပြောသည်။
" မြန်မာတစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေပါ၀င်ပြသမယ်။ သရက်သီးက ၂၈ ခန်းနဲ့
လက်ဘက်က ၂၈ ခန်းပါမယ်။ သရက်သီးအနေနဲ့ပြောမယ် ဆိုရင် ပထမဆုံးလုပ်တဲ့ မြန်မာ့
သရက်ပွဲတော်ပေါ့"ဟု ၄င်းက ပြောသည်။
တောင်သူများအား အသိပညာပေးသည့် အစီအစဉ်များလည်း ပါ၀င်သဖြင့် မိုင် ၅၀ ပတ်လည်
အတွင်းရှိတောင်သူများကို ကားများဖြင့်အခမဲ့ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
"သရက်ပင် ဘယ်လိုစိုက်ရမယ်။ သရက်သီးခူးရင် ဘယ်လိုခူးရမယ်။ အသေးစိတ်
ပညာပိုင်းတွေပြမှာဆိုတော့ လူတွေစိတ်ဝင်စားစရာဖြစ်မယ်"ဟု ၄င်းက ဆိုသည်။
ယခုပြပွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ရိုးရင်းသရက်သီးများအားလုံးကို ပြည်သူများ
သိရှိအောင်ပြသသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ "မြန်မာ့မျိုးရင်းက ၂၀၀ ကျော်
လောက်ရှိတယ်။ မနှစ်က မျိုးတွေလိုက်စုတာ ၁၉၆ မျိုး ရတယ်။ ရွာတွေက စိတ်ဝင်စားတဲ့သူတွေ
မေလ ၁၈ ရက်နေ့အရောက်လာလှူပေးပါ လို့ ပြောချင်ပါတယ်"ဟု ၄င်းက သရက်တောင်
သူများကို ပါ၀င်ပြသ ရန် ဖိတ်ခေါ်သည်။ လာရောက်ပြသသည့်သရက်သီးများကို အမျိုးအစား
အလိုက် ဆုများပေးအပ်သွား မည် ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောသည်။















