မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်ကျော်တက်မောင်းနှင်သည့်
ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံးသွားသဖြင့် ပြည်ကြီးတံခွန်မြို့မ
ရဲစခန်းတွင် ဧပြီလ ၃၀ ရက်နေ့က အမှုဖွင့်တိုင်တန်းထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
ဧပြီလ ၂၆ ရက်နေ့က မုံရွာမြို့တွင်နေထိုင်သည့်ကောင်းထက်ကျော်၊ ၀င်းမင်းဌေးနှင့်
ရဲမြင့်အောင်တို့ သုံးဦးသည် မန္တလေးမြို့သို့ ဆိုင်ကယ်ဖြင့် ဘုရားဖူးလာစဉ် ရတနာပုံ
တံတားအနီးအရောက်တွင် လူငယ်ရှစ် ဦးခန့်ပါသည့် ဆိုင်ကယ်သုံးစီးကိုကျော်တက်ခဲ့ရာမှ
စကားများခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် ၆၇ လမ်းနှင့် ယောမင်းကြီးလမ်း အရောက်တွင် အဆိုပါလူငယ်များအနက်
လေးဦးမှတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ရာ ၀င်းမင်းဌေးမှာ ထွက်ပြေးလွတ်မြောက်
သွားခဲ့သည်။
ကျန်နှစ်ဦးမှာ ဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး ကောင်းထက်ကျော်မှ ရဲမြင့်အောင်ကိုခေါ်ဆောင်ကာ
မုံရွာမြို့သို့ပြန်လာခဲ့သည်။ မြင်းမူမြို့နယ် ရွာတစ်ရွာရှိလမ်းဘေးတွင် ဆက်လက်မသယ်နိုင်သဖြင့်
ရဲမြင့်အောင် ကိုထားခဲ့ပြီး ရဲမြင့်အောင်၏ ဦးလေးဖြစ်သူကိုသီဟ (ခ) တရုတ်ကြီးထံသို့
ကောင်းထက်ကျော်က သွားရောက် အကြောင်းကြားခဲ့သည်။
ကိုသီဟ(ခ)တရုတ်ကြီးနှင့်အဖွဲ့မှ ကောင်းထက်ကျော်နှင့်အတူသွားရောက်ရှာဖွေရာ
အုန်းတောရွာနှင့်ညောင်ပင်ဝန်းရွာအကြားတွင်ရဲမြင့်အောင်ကို သတိမရဘဲတွေ့ရသဖြင့်
မြင်းမူဆေးရုံ၊ မြင်းမူဆေးရုံမှတဆင့် မုံရွာဆေးရုံသို့တင်ပို့ခဲ့သည်။
မန္တလေးဆေးရုံသို့ လွှဲပြောင်းကုသရန်လိုကြောင်း အကြောင်းကြားသဖြင့် မန္တလေးဆေးရုံသို့
ပို့ဆောင်စဉ် ဧပြီလ ၂၈ ရက်နေ့တွင် ရဲမြင့်အောင်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ဧပြီလ ၃၀ ရက်နေ့တွင် ကိုသီဟ(ခ)တရုတ်ကြီးက တိုင်တန်းသဖြင့် ပြည်ကြီးတံခွန်မြို့မ
ရဲစခန်းတွင် (ပ)၃၃၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅/၁၁၄ အရ အမှုဖွင့်ပြီး
တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















