မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စျေးများတွင် ဆိုင်ခန်းငှားရမ်းခများနှင့် စျေးတိုက်တန်း
ငှားရမ်းခများ တိုးမြှင့်ကောက်ခံမှုများရှိနေပြီး အများလက်ခံနိုင် သည့် နှုန်းထားအဖြစ်
ပြန်လည်သတ်မှတ်ပေးရန်အတွက် တတိယအကြိမ်မြောက် ဒေသခံများစုပေါင်းပြီး
ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဖြစ်ကြောင်း စျေးသူ၊စျေးသားများကပြောသည်။
မြင်းခြံမြို့တွင် စျေးဆိုင်ခန်းငှားရမ်းခများ တိုးမြှင့်ကောက်ခံနေသည့် အတွက် ဧပြီလ ၈
ရက်နေ့က ဒေသခံစျေးသူ၊ စျေးသားအင်အား ၁,၀၀၀ ၀န်းကျင်ခန့်က ပထမအကြိမ်
ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၄ ရက်နေ့က လူအင်အား
၃,၀၀၀ ၀န်းကျင်ခန့်ဖြင့် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြခြင်းဖြစ်ကာ တတိယအကြိမ်အဖြစ်
ယခုထက်ပိုမိုများပြားသည့် လူအင်အားဖြင့် ယခုလပထမအပတ်တွင် ဆန္ဒဖော်ထုတ်သွားမည်
ဖြစ်ကြောင်း ဦးဆောင်သူမြို့မစျေးမှ ဦးမင်းမင်းသန့်က ယခုလ ၃ ရက်နေ့တွင်
မြန်မာတိုင်း(မ်)ကိုပြောသည်။
ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်အပြီးတွင် စျေးသူ၊ စျေးသားများ၊ မြို့နယ်စည်ပင်သာယာရေး
ကော်မတီ တာဝန်ရှိသူများ၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်သက်ဆိုင်ရာ အုပ်ချုပ်ရေး
အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ထိရောက်သည့်ဆုံးဖြတ်ချက်များ မရရှိဘဲ
ဆွေးနွေးပွဲအပြီးတွင် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင့်သူက
ဆိုင်ခန်းများ ပြန်သိမ်းမည်ဟု ပြောသောကြောင့် အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်
ပွားခဲ့ကြောင်း ဦးမင်းမင်းသန့်ကပြောသည်။
"ဆွေးနွေးညှိနှိုင်းမှုအပြီးမှ သူတို့ဖက်က ဆိုင်ခန်းတွေပြန်သိမ်းမယ်ပြောလို့ ဖြစ်သွားတာပါ။
သူတို့ဖက်ကလည်း အလျော့မပေးဘူးလို့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဆိုင်ခန်း
ခတွေကို ကိုယ်နိုင်သလောက်ပဲသွင်းချင်ပါတယ်။ နိုင်ငံတော်လိုအပ်ချက်အရ
အခွန်တိုးကောက်တယ်ဆိုတာ လက်ခံတယ်။ အများလက်ခံနိုင်တဲ့နှုန်းထားတော့ ဖြစ်ဖို့
လိုပါတယ်။ ကျွန်တော်တို့ ဒီထက်မက လူအင်အားနဲ့ တတိယအကြိမ်ဆန္ဒပြဖို့
ရှိပါတယ်။ မရမချင်း ပြနေမှာပါ" ဟုဦးမင်းမင်းသန့်ကပြောသည်။
မြို့တော်စည်ပင်သာယာရေး ကော်မတီက စျေးဆိုင်ခန်းများကို ဧပြီလ ၁ ရက်နေ့မှ
စတင်ပြီး တိုးမြှင့်ကောက်ခံရန် ကြေညာထားခြင်းဖြစ်ကာ ၄ ပေ၊ ၅ ပေ ပတ်လည်ရှိ
ဆိုင်ခန်းတစ်ခန်းလျှင် ယခင် တစ်လ ငှားရမ်းခ ၁,၂၀၀ ကျပ်ဝန်းကျင်ခန့်မှ လက်ရှိ
တစ်လလျှင် ၆,၀၀၀ ကျပ်သို့လည်းကောင်း၊ တိုက်တန်းစျေးခန်းများတွင် ယခင် ၁,၈၀၀
ကျပ်ဝန်းကျင်မှ လက်ရှိ ၁၀,၀၀၀ ကျပ်ဝန်းကျင် သို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်ပြီး
ယင်းပမာဏသည့် အခြားစျေးများတွင် ကောက်ခံသည့်နှုန်းထက် ငါးဆ မြင့်မားနေခြင်း
ဖြစ်ကြောင်း စျေးသူ၊ စျေးသားများကပြောသည်။
မြင်းခြံမြို့နယ်တွင် စျေးကြီးလေးစျေးရှိပြီး ယင်းစျေးကြီးများမှ ရရှိသော ဆိုင်ခန်း
ငှားရမ်းခသည့် တစ်နှစ်လျှင် ကျပ် သိန်း ၅၀၀ ၀န်းကျင်ခန့်သာရရှိကြောင်း၊
လက်ရှိပြောင်းလဲ သတ်မှတ်လိုက်သည့် နှုန်းထားများသည့် ခေတ်ကာလနှင့်
လျော်ညီသည့် နှုန်းထားများကို သာသတ်မှတ်ထားခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်
သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင့်သူ က ဧပြီလအတွင်းကပြောသည်။
တိုးမြှင့်ကောက်ခံသည့် စျေးဆိုင်ခန်းခများကို ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးပေးသွင်းရန်
ကြေညာထားပြီး ပေးသွင်းခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သော်လည်း
ငါးဆတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်သည့်အနေဖြင့် ဆိုင်ခန်းခများကို ပေးသွင်းသွား
မည်မဟုတ်ကြောင်း စျေးသူစျေးသားများကပြောသည်။
"လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကျေနပ်တဲ့အထိ ညှိနှိုင်းပေးမယ်လို့ပြောပါတယ်။
အခုဒေသခံတွေမှာ ဘယ်လိုဖြစ်လာလည်းဆိုတော့ မြို့နယ်စည်ပင် သာယာရေးကော်မတီကို
ပြန်လည် ဖွဲ့စည်းပေးဖို့တောင်းဆိုဖို့တောင် ဆန္ဒရှိလာပါတယ်။ သူတို့ကို ကျွန်တော်တို့ က
မဲပေးရွေးချယ်ထားတာပါ" ဟုဦးမင်းမင်းသန့်ကပြောသည်။















