မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ဒေသရှိတောင်တန်းများတွင် စကျင်ကျောက်
ထုတ်လုပ်ခွင့်ကို ကုမ္ပဏီများသို့ချထားပေးခြင်းထက် ဒေသခံများ အလုပ်အကိုင်အဆင်ပြေ
စေရန်အတွက် ဒေသခံများသို့ ပိုမိုချထားပေးစေလိုကြောင်း စကျင်ဒေသခံများကပြောသည်။
စကျင်ဒေသတွင် လက်ရှိလုပ်ကိုင်နေသည့် စကျင်ကျောက်တူးဖော်ရေး ကုမ္ပဏီအချို့သည်
သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သောကြောင့် ဆက်လက်၍ သက်တမ်းတိုးပေးခြင်းမပြုလုပ်ဘဲ
ဒေသခံများ လုပ်ကိုင်နိုင်ရန် လုပ်ကွက်များချထားပေးသင့်ကြောင်း၊ ယင်းသက်တမ်းကုန်နေ
သည့်ကုမ္ပဏီများကို ဆက်လက်သက်တမ်းတိုးမပေးရန်အတွက် ဒေသခံများလက်မှတ်
စုပေါင်းရေးထိုးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သယံဇာတနှင့် သတ္တုတွင်းဝန်ကြီးဌာနသို့
တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း စကျင်ကျေးရွာမှ ဒေသခံ ဦးအောင်ထူးက ဧပြီ ၃ဝ
ရက်တွင် မြန်မာတိုင်း(မ်) ကိုပြောသည်။
''အခုကုမ္ပဏီတွေ လုပ်နေတဲ့ လုပ်ကွက်တွေဆိုတာကလည်း အရင်က ဒေသခံတွေ
လုပ်ကိုင်ခဲ့တဲ့ လုပ်ကွက်တွေပါ။ ဒီလုပ်ကွက်တွေကို သက်တမ်းမတိုးပေးဘဲ ဒေသခံ
တွေကို လုပ်ကွက်ပြန်ချပေးဖို့ တိုင်းအစိုးရ သက်ဆိုင်ရာဌာနတွေကို တောင်းဆိုသွားမှာပါ။
ဒေသခံတွေက လုပ်ကွက်မရှိတော့ ကျပန်းလုပ်ကိုင်စားသောက်နေရပါတယ်''ဟု
ဦးအောင်ထူးက ပြောသည်။
ကန့်ကွက်လက်မှတ်များကို စကျင်ဒေသရှိ လုပ်ကွက် လျှောက်ထားလိုသူများ၊ လုပ်ကွက်
အစားထိုးပြန်မရသူများ အလုပ်အကိုင်လိုအပ်သူများက စုပေါင်းပြီး လက်မှတ်ရေးထိုးသွား
မည်ဖြစ်ကာ အယောက် ၃၅ဝကျော် လက်မှတ်ရေးထိုးပြီးဖြစ်ကာ မေလအစောပိုင်းတွင်
သက်ဆိုင်ရာဌာနများသို့တင်ပြသွားမည်ဖြစ်ကြောင်း၊ စကျင်ဒေသတွင် ဒေသခံများ
စုပေါင်းပြီး မြန်မာစကျင်မာဘယ်လ် ဒေသခံများကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းထားပြီး
သတ္တုတွင်း နည်းဥပဒေများနှင့်အညီ နိုင်ငံတော်သို့ တရားဝင်အခွန်ပေးဆောင်၍
စကျင်ကျောက် ထုတ်လုပ်ခွင့်ကို လုပ်ကိုင်လိုကြောင်း စကျင်ကျေးရွာမှ ဦးစိုးဝင်းက
ပြောသည်။
''ကုမ္ပဏီတွေကို လုပ်ကွက်တွေ ချထားပေးတယ်ဆိုပေမဲ့ ဒေသဖွံ့ဖြိုးဖို့လုပ်ကိုင်တာ ဘာမှ
မရှိပါဘူး။ ဒေသခံတွေကတော့လုပ်စရာမရှိတော့ ကျပန်းလုပ်ရတယ်။ ဒီဒေသမှာက
ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ကျောက်ဆစ်လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ တောင်သူနဲ့
အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေလည်း ရှိပါတယ်'' ဟု ဦးစိုးဝင်းက ပြောသည်။
စကျင်ဒေသတွင် စကျင်ကျောက်ထုတ်လုပ်နိုင်ရန်အတွက် ကမ္မတောင်၊ စကျင်တောင်၊
ရသေ့တောင်၊ ငါးဝက်တောင်၊ ကျောင်းတောင်၊ နှောတောင် စသည်ဖြင့် တောင်ကိုးလုံးရှိပြီး
ယင်းတောင်များပေါ်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၁ဝ ခုခန့် ရှိပြီး ယင်းကုမ္ပဏီမျ
ားအနက် ငါးခုခန့်သည် သက်တမ်းကုန်ဆုံးနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
















