အလုံပိတ်အအေးပေးစနစ် ဥစားကြက်ခြံများမွေးမြူသူများလာလျှင် ကြက်ဥစျေးများကျဆင်း
လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ
ကျော်ထင်က ဧပြီ ၂၆ ရက်တွင် ပြောသည်။
''အလုံပိတ်အအေးပေးစနစ် ဥစားကြက်ခြံတွေ များလာရင်တော့ ကြက်ဥစျေးတွေကျဆင်း
လာနိုင်ပါတယ်။ နိုင်ငံတကာစျေးကွက်နဲ့ ယှဉ်နိုင်ပြီးတော့ ရောင်းချနိုင်ပါပြီ။ အခုတော့ အဲဒီ
စနစ်က မွေးမြူသူတွေ နည်းပါးနေပါသေးတယ်''ဟု ၄င်းက ပြောသည်။
အလုံပိတ်အအေးပေးစနစ် ဥစားကြက်ခြံများတွင် ကြက်ကောင်ရေ ပိုမိုမွေးမြူနိုင်ပြီး
ခြံတစ်ခြံလျှင် အနည်းဆုံး ကောင်ရေ ၂ဝ,ဝဝဝ မှ တစ်သိန်းကျော်အထိ မွေးမြူနိုင်ကြောင်း၊
၄င်းစနစ်သည် ကြက်များအတွက်လည်း ရောဂါဖြစ်ပွားမှု နည်းပါးကြောင်း ဒေါက်တာ
ကျော်ထင်က ပြောသည်။
''ကြက်ကောင်ရေ အများကြီးထည့်ပြီး မွေးလို့ရလို့ မွေးမြူရေးသမားတွေအတွက် တွက်ခြေ
ကိုက်နိုင်ပါတယ်။ အခုလို ခြံတွေအများအပြား ပေါ်ထွက်လာရင် သေချာပေါက်စျေးနှုန်းတွေ
ကျဆင်းလာနိုင်ပါတယ်။ ဥအထွက်နှုန်းများလာရင် စျေးတွေလည်း အလိုအလျောက်ကျဆင်း
မှာပါ'' ဟု ၄င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အနီး တောတွင်းကျေးရွာတွင် အလုံပိတ်
အအေးပေးစနစ် ဥစားကြက်ခြံနှစ်ခြံကို ပထမဆုံး မွေးမြူထားပြီး တစ်ခြံလျှင်ကြက်ကောင်
ရေ ၂ဝ,ဝဝဝ မွေးမြူထားပြီး ကျပ်သိန်း ၆,ဝဝဝ ခန့်ကုန်ကျကာ မေလအတွင်း၌ ကြက်ဥများ
စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''ဒီစနစ်က နိုင်ငံတော်တော်များများမှာမွေးမြူနေတာကြာပါပြီ။ မန္တလေးမှာတော့ ဒီစနစ်နဲ့
မွေမြူထားတာ ပထမဆုံး ဖြစ်ပါတယ်။ ပိုမို များပြားလာရင်တော့ စားသုံးသူတွေအတွက်
စျေးနှုန်းတွေ ကျဆင်းလာမှာပါ။ အခုစနစ်က အရင်းအနှီးကတော့ တော်တော်လေး
များပြားပါတယ်''ဟု ၄င်းက ပြောသည်။
အလုံပိတ်အအေးပေးစနစ် ဥစားကြက်ခြံသည် အလိုအလျောက် လုပ်ဆောင်ပေးသည့်
စနစ် ဖြစ်သည့်အပြင် ကြက်ကောင်ရေအများအပြား မွေးမြူနိုင်ကြောင်း၊ ၄င်းမွေးမြူရေး
စနစ်သည် လျှပ်စစ်သုံးရသဖြင့် လျှပ်စစ်မီးဖြတ်တောက်၍မရကြောင်း၊ အပူချိန်များကိုလည်း
အလိုအလျောက် လျှော့ချပေးသည့်စနစ်ဖြစ်ကြောင်း ဒေါက်တာကျော်ထင်က ပြောသည်။
''ဒီစနစ်က အားသာချက်တွေ ရှိသလိုအားနည်းချက်တွေလည်း ရှိပါတယ်။ အားနည်းချက်
ကတော့ လျှပ်စစ်မီး လုံးဝပျက်လို့မရပါဘူး။ အားသာချက်ကတော့ ကြက်တွေရောဂါဖြစ်
ပွားမှုမရှိဘူး။ လူအင်အားလည်းအသုံးမပြုရဘူး။ ကြက်ဥတွေကလည်း သန့်ရှင်းပါတယ်''
ဟု ၄င်းက ပြောသည်။
အလုံပိတ် အအေးပေးစနစ် ဥစားကြက်ခြံများ ပိုမိုမွေးမြူနိုင်ရန် မွေးမြူရေးသမားများ
အတွက် မြေယာအသုံးချခွင့် လွယ်ကူရန်နှင့်ဇီဝလုံခြံုရေးကို အကာအကွယ်ပေးမည့်
ဥပဒေများ လိုအပ်နေသေးကြောင်းဒေါက်တာကျော်ထင်က ပြောသည်။
''ဒီစနစ်နဲ့ မွေးမြူချင်တဲ့ မွေးမြူရေးသမားတွေ ရှိနေပေမဲ့ မြေယာအသုံးချခွင့်အခက်အခဲဖြစ်
နေတဲ့အတွက် တုံ့ဆိုင်းနေပါတယ်။ အလုံပိတ် အအေးပေးစနစ် ကြက်ခြံတွေရဲ့နှစ်မိုင်၊
သုံးမိုင်အကွာမှာလည်းတခြား မွေးမြူရေးတွေ လုပ်လို့မရပါဘူး။ တခြားမွေးမြူရေးတွေ
ရှိနေရင် ရောဂါဖြစ်ပွားနိုင်တဲ့အတွက်ဇီဝလုံခြံုရေး ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်။
မြေယာကိုလည်းလွတ်လွတ်လပ်လပ်အသုံးချခွင့်ပေးမှ အဆင်ပြေနိုင်ပါတယ်'' ဟု ၄င်းက
ပြောသည်။















