ပြင်ဦးလွင်မြို့တွင် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်ကာ
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနနှင့် ပြင်ဦးလွင်ဟိုတယ် လုပ်ငန်းရှင်များပူးပေါင်းကာ
ခြေလျင်ခရီးကြမ်းသွား (Trekking) လမ်းကြောင်းများ ဖော်ဆောင်ခြင်းနည်းတူ
(Regional Guide) ဒေသခံလမ်းညွှန်သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်သည်။
ခြေလျင်ခရီးကြမ်း လမ်းကြောင်းများဖော်ဆောင်ရခြင်းမှာ ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်
ရေးနှင့် ကျေးရွာနေလူထု အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်
ရခြင်းဖြစ်ကြောင်း ပြင်ဦးလွင်မြို့ 'မြနန်းတော်' ဟိုတယ်လုပ်ငန်းရှင် ကိုဝေဠုက ဆိုသည်။
''ကနဦးလမ်းကြောင်း သုံးကြောင်းလျာထားတယ်။ အတည်တော့ မပြုရသေးဘူးပေ့ါ။ စိစစ်
ရွေးချယ်နေတုန်းပဲ။ အများအားဖြင့် တစ်ရက်ခရီးဖြစ်စေဖို့ အများဆုံးရွေးချယ်သွားကြမှာပါ။
ဒေသခံလူထုအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရမယ်။ မြို့လည်းဖွံ့ဖြိုးတိုးတက်
လာဖို့ ရည်ရွယ်ပါတယ်။ လမ်းကြောင်းတွေကတော့ ရသတစ်ခုချင်းကိုပေးဖို့ ရွေးချယ်နေ
တယ်။ ရေတံခွန်အရသာနဲ့ တောလမ်းခရီးကြမ်းရှိမယ်။ တိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံ
ကျေးရွာသဘာဝအလှအပတွေကို လေ့လာနိုင်မယ်။ လမ်းခရီးတစ်လျှောက် လိုက်လေ့လာ
လိုက်ပြီးရင် ဆုံမှတ်ကနေ ကားပြန်စီးလိုက်၊ ပြန်လမ်းလျှောက်လိုက်နဲ့ စိတ်ဝင်စားစရာ
ကောင်းကြမှာပါ '' ဟု ကိုဝေဠုက မြန်မာတိုင်း(မ်) ကိုပြောသည်။
ကနဦးရွေးချယ်ထားသည့် လမ်းကြောင်းများမှာ ရေတံခွန်အဆင့် ခုနစ်ဆင့်ရှိသည့် ရေပျံ
တောင်ခရီးစဉ်၊ ရှေးယခင်ကတည်းက ရှမ်းတိုင်းရင်းသားအများအပြား နေထိုင်လာခဲ့ကြ
သည့် ပန်းဦးတောင်ကျေးရွာတစ်လျှောက်ခြေလျင်လမ်းခရီးနှင့် ပြင်ဦးလွင် - သီပေါ ခြေလျင်
တောလမ်းခရီးအတွက် ဆုံမှတ်များသတ်မှတ်ကာ ကားလမ်းတစ်ဖြတ် ခြေလျင်တစ်ဖြတ်
သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ဟိုတယ်ဇုန် လုပ်ငန်းရှင်များထံမှသိရသည်။
ဒေသခံလမ်းညွှန် (Regional Guide) သင်တန်းများ ပေးအပ်ရာတွင်လည်း ကျေးရွာဒေသ
ခံများကို ဦးစားပေးသင်တန်းပို့ချသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ အခြေခံတတ်ကျွမ်းရမည်ဖြစ်
ကာ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာလှုပ်ရှားသူများကို ဦးစားပေး
ရွေးချယ်သွားမည်ဖြစ်သည်။
''မြို့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျေးလက်ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရဖို့
လုပ်ဆောင်တယ်ဆိုပေမဲ့ နိုင်ငံခြားသားခရီးသွားတွေရဲ့ လုပ်ရပ်တွေကြောင့် ဒေသ
ထုံးတမ်းစဉ်လာတွေနဲ့ ဒေသခံတွေရဲ့ စိတ်ဓာတ်ပျက်စီးမှုနဲ့ ဆုံးရှုံးမှုတွေဖြစ်လာမှာကိုလည်း
မလိုလားဘူး။ ဒါကြောင့်မို့ လမ်းကြောင်းတွေ မဖော်ဆောင်ခင်မှာ လျာထားတဲ့လမ်းကြောင်း
တစ်လျှောက်က ကျေးရွာဒေသခံတွေရဲ့ စိတ်ခွန်အားတွေ၊ ဒေသထွက်ကုန်တွေပေါ်မှာ
ဘယ်လိုအကျိုးရှိရှိ သုံးစွဲရမယ်ဆိုတာတွေကို အသိပညာပေးနေတယ်'' ဟု ပြင်ဦးလွင်
Royal Park View ဟိုတယ်လုပ်ငန်းရှင်ဒေါ်နန်းမွန်ခမ်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
နိုင်ငံခြားသား ဧည့်သည်များသည် ခရီးသွားလေ့လာမှုများ လုပ်ဆောင်ကြရာတွင်မန္တလေးမှ
သီပေါသို့သာ တိုက်ရိုက်သွားလာနေကြသည်မှာ ပိုမိုများပြားလာသည့်အတွက်ပြင်ဦးလွင်
မြို့မှာ လည်ပတ် လေ့လာစရာအများအပြား ရှိနေသော်လည်း နိုင်ငံခြားသားဝင်ရောက်
လေ့လာမှု တစ်နှစ်ထက်တစ်နှစ်နည်းပါးလာသည့်အတွက် ယခင်နှစ်များနည်းတူ ပြန်လည်
စည်ကားလာစေရန် ယခုကဲ့သို့ ခြေလျင်ခရီးကြမ်း (Trekking) လမ်းကြောင်းများ
ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဒေါ်နန်းမွန်ခမ်းက ဆိုသည်။
















