မန္တလေးပြင်ဦးလွင် တိုးချဲ့လမ်းဖောက်လုပ်ရာတွင် ခုတ်လှဲခဲ့ရသည့် လမ်းဘေးအပင်ကြီး၊
အပင်ငယ်များအစား ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စိမ်းလန်း ပြင်ဦးလွင်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ အရိပ်ရအပင် ၁၂,ဝဝဝ ကျော်ကို
မိုးဦးကျချိန်မှ စတင်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၄င်းအဖွဲ့မှ သိရသည်။
၄င်းပြင် ပြင်ဦးလွင်တစ်မြို့လုံး သောက်သုံးရေသုံးစွဲနိုင်ရန် ဖြန့်ဖြူးပေးနေသည့်သစ်တစ်ပင်
တောင်တစ်လျှောက် ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် အရိပ်ရအပင်များပေါင်းသင်ရှင်းလင်း
ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်
အဖွဲ့ ဒုတိယဥက္ကဋ္ဌက ဆိုသည်။
''မန္တလေး-ပြင်ဦးလွင် လမ်းတိုးချဲ့ဖောက်လုပ်တာ သွားလာရေးခရီးအတွက် ကောင်းမွန်လာ
တယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်တော့ သစ်တောသစ်ပင် ၂ဝ,ဝဝဝ လောက် ခုတ်ထွင်
ခံခဲ့ရတယ်။ ဒါကြောင့် ဒီနှစ်သစ်ပင်စိုက်ပျိုးရာသီမှာ မန္တလေး-ပြင်ဦးလွင် လမ်းဘေးဝဲယာ
တစ်လျှောက်ကို အဓိကထားစိုက်ပျိုးသွားမယ်။ ကန်တော်လေးမှာလည်း စိုက်ပျိုးသွားမယ်။
ဒီနှစ်စိုက်ပျိုးတဲ့နေရာမှာ ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်၊ သစ်တော၊ မြေစာရင်း၊ အရပ်
ဘက် အဖွဲ့အစည်းတွေလည်းပါမယ်။ ဒီနှစ် အနီရောင်အပွင့်ဖြစ်တဲ့ မေဘယ်အပင်ကို
အများအပြား စိုက်ပျိုးသွားမယ်။ စိုက်ပျိုးဖို့ လျာထားတာကတော့ အပင်ပေါင်း ၁၂,ဝဝဝ
ကျော်ကို စိုက်ပျိုးသွားမယ်။ နှစ်စဉ်စိုက်ခဲ့သမျှထဲမှာ ဒီနှစ်က အများဆုံးပါပဲ'' ဟု စိမ်းလန်း
ပြင်ဦးလွင်အဖွဲ့ ဒုတိယဥက္ကဋ္ဌဦးကိုကိုကြီးက မြန်မာတိုင်း(မ်) ကို ပြောသည်။
စိုက်ပျိုးသွားမည့် အပင်များမှာ ရေမနေ၊ ပိတောက်၊ ရေမဲ၊ ရေပိတုန်း၊ ထင်းရှူးနှင့်
အခြားသော အရိပ်ရအပင်ကြီး စုစုပေါင်း ၁၂,ဝဝဝ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး
စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ပျိုးဥယျာဉ်ရှိအပင်များအပြင် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး
ပျိုးဥယျာဉ်၊ ဒါလီမြိုင် ပျိုးဥယျာဉ် နှင့် အခြားသော ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုများဖြင့်
စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ပြင်ဦးလွင်မြို့ နေရာအနှံ့တွင် သစ်တောပြုန်းတီးမှု အများအပြား ဖြစ်ပွားနေခြင်းနည်းတူ
သောက်သုံးရေအတွက် ရေအဓိကဖြန့်ဖြူးပေးနေရသည့် သစ်တစ်ပင်တောင်ဒေသတွင်
မြေနေရာဦးခြင်းများ၊ ထွန်ယက်စိုက်ပျိုးနေခြင်းများ ရှိနေသည့်အတွက် အနာဂတ် ရေပေး
ဝေရေးကို ထိခိုက်မှုများရှိလာနိုင်သဖြင့် သက်ကြီးပင်များ စိုက်ပျိုးခြင်းနည်းတူ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်ပညာရှင်
ဦးလေးမြင့်အောင်က ဆိုသည်။
''သစ်တစ်ပင်တောင်မှာ ပြီးခဲ့တဲ့နှစ်က စိုက်ထားတဲ့ အပင်လေးတွေ ပေါင်းသင်မယ်။
ဆက်ပြီးတော့လည်း စိုက်သွားမယ်။ သစ်တစ်ပင်တောင်ရဲ့ အခြေအနေက တော်တော်
လေးကိုဆိုးနေပြီး သစ်ပြုန်းတီးမှုကလည်း တစ်နှစ်နဲ့တစ်နှစ် သိသာလာတယ်။ သစ်တစ်ပင်
တောင်ပေါ်မှာ ခွင့်ပြုချက်မဲ့ သစ်ခုတ်တာ၊ ရာသီပေါ်သီးနှံ စိုက်နေတာတွေကို တားဆီးနေ
ရတယ်။ အခုလည်း နဂါးမောက်သီးတွေစိုက်နေလို့ တားဆီးနေရတယ်။ ကျူးကျော်နေထိုင်
တာတွေရှိတယ်။ သက်တမ်း ၁ဝဝ ကျော်ရှိနေတဲ့ ဒီရေကန်တွေ အဓွန့်ရှည်ဖို့ အရိပ်ရအပင်
တွေ၊ ရေထိန်းအပင်တွေ စိုက်ပျိုးသွားမယ်'' ဟု ဦးလေးမြင့်အောင်က မြန်မာတိုင်း(မ်) ကို
ပြောသည်။















