မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်ကို တစ်နှစ်
မြေငှားရမ်းခအဖြစ် ကာလပေါက်စျေး တစ်ဧကကျပ်ခုနစ်သိန်းသတ်မှတ်ရန် အကြံပြုထား
ကြောင်း ကန်တော်ကြီးဥယျာဉ် မြေငှားရမ်းခနှင့် ပရီမီယံကြေး တွက်ချက်ပေးနိုင်ရန်ဖွဲ့စည်း
ထားသည့် တန်ဖိုးတွက်ချက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
တန်ဖိုးတွက်ချက်ရေးအဖွဲ့တွင် ပြင်ဦးလွင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်မင်းက ခေါင်းဆောင်အဖြစ် ပါဝင်ပြီး မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့်
ဖွဲ့စည်းထားခြင်းဖြစ်ကာ ကန်တော်ကြီးဥယျာဉ်ကိုကာလတန်ဖိုးအလိုက် ငှားရမ်းခ
သတ်မှတ်နိုင်ရန်အတွက် မူလပိုင်ဆိုင်သည့် သစ်တောဝန်ကြီးဌာနသို့ အကြံပြုထားခြင်းဖြစ်
ကြောင်း ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးအာကာလင်းက မြန်မာတိုင်း(မ်)
ကို ဧပြီ ၂၇ ရက်တွင် ပြောသည်။
''တန်ဖိုးတွက်ချက်ရေးအဖွဲ့ကို ကျွန်တော်တို့ မြို့နယ်ကပဲ ဖွဲ့စည်းပြီးတော့ လုပ်တာပေါ့။
မနေ့က အစည်းအဝေးလုပ်ပြီး ကန်တော်ကြီးငှားရမ်းခကို တစ်နှစ် တစ်ဧက ကျပ်ခုနစ်သိန်း
သတ်မှတ်သင့်တယ်လို့ ကျွန်တော်တို့က အကြံပြုတာပါ။ သစ်တောဝန်ကြီးဌာနကို
အကြံပြုထားပါတယ်။ ကျန်တာကတော့ သူတို့ ဝန်ကြီးဌာနတွေ ညှိနှိုင်းပြီးတော့ ဆက်လက်
ဆောင်ရွက်သွားရမှာပါ။ ကျွန်တော်တို့ဘက်ကတော့ ဒီမြေကြီးက ဒီခေတ်ဒီကာလမှာ
ဒီလောက် တန်ကြေးရှိပါတယ်ဆိုတာ အကြံပြုပေးဖို့ပါပဲ''ဟု ၄င်းက ပြောသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်ကို ယခင်က မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် မြေတစ်ဧက
အတွက် ကျပ် ၃ဝ,ဝဝဝ သတ်မှတ်ထားကြောင်း၊ ယင်းပမာဏသည် လက်ရှိကာလပေါက်
စျေးထက်နည်းပါးနေသည့်အတွက် ၂ဝ၁၆-၁၉ ခုနှစ်သုံးနှစ်တာ ကာလအပိုင်းအခြား
အတွက် မြေတစ်ဧကလျှင် ကျပ်ခုနစ်သိန်းနှင့် ပရီမီယံကြေးအတွက် ကျပ်သိန်း ရဝဝ
သတ်မှတ်သင့်ကြောင်း ဦးအောင်မင်းက ပြောသည်။
''ဒီနှုန်းထားက မြေတစ်ဧက ငှားရမ်းခအတွက်ပဲ ကျွန်တော်တို့က အကြံပြုတာပေါ့။
ကျန်တဲ့လုပ်ငန်းအတွက် ငှားရမ်းခတွေနဲ့တော့ မဆိုင်ပါဘူး။ သုံးနှစ်တာကာလအတွက်
ကာလပေါက်စျေး သတ်မှတ်နိုင်ဖို့အကြံပြုတာပါ''ဟု ဦးအောင်မင်းက ပြောသည်။
အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို သစ်တောဦးစီးဌာနထံမှ ထူးဖောင်ဒေးရှင်းဂရု(ပ်)က
၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှ စတင်ကာ ၁၅ နှစ်သက်တမ်းဖြင့် တစ်နှစ်လျှင်
ကျပ်သိန်း ၅၅ဝ ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း အမျိုးသားကန်တော်ကြီး
ဥယျာဉ် အထွေထွေမန်နေဂျာကိုဝေမျိုးအောင်က ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြောသည်။
အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ကုန်းမြေ၊ ရေမြေ စုစုပေါင်း ဧက ၄၃၇ဧက ရှိပြီး
တစ်လလျှင် ပျမ်းမျှလာရောက်လည်ပတ်သူ ၄ဝ,ဝဝဝ ခန့်ရှိကာ ပန်းပွဲတော်ကျင်းပသည့်
ဒီဇင်ဘာလနှင့် နှစ်သစ်ကူး ဧပြီလများတွင် လာရောက်လည်ပတ်သူ နှစ်သိန်းခန့်ရှိသည်။
ဝင်ကြေးကို လူကြီး ကျပ် ၁,ဝဝဝ နှင့် ကလေး ကျပ် ၅ဝဝ သတ်မှတ်ထားသည်။
















