မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ဖိုးလှကုန်းကျေးရွာအုပ်စုရှိ ညောင်ပင်သာကျွန်း
ရွာသားများသည် လက်ရှိနေထိုင်လျက်ရှိသော သံဘိုကျွန်း မှာပင် ဆက်လက်နေထိုင်လို
ကြောင်း အဆိုပါ ရွာသားများက ပြောသည်။
၂၀၁၀ ပြည့်နှစ်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ညောင်ပင်သာကျွန်းတွင် ကမ်းပါးပြိုကျ
မှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးသွားသော ရွာသူရွာသားများသည် သံဘိုကျွန်းသို့
ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။
ယခုအခါ သံဘိုကျွန်းဒေသခံများ၏ ကန့်ကွက်မှုများနှင့်အတူ မန္တလေးတိုင်း ဒေသကြီးအစိုးရက
နေရာချထားပေး သော ၄၃၃/က နေရာအသစ်သို့ ၎င်းတို့အား ပြောင်းရွှေ့နေထိုင်စေရန်
တောင်းဆိုမှုများ ရှိလာသည်။
"ကမ်းပြိုတော့ အိမ်ကပြိုတဲ့ထဲ ပါသွားတယ်။ နေစရာမရှိတဲ့အတွက် သံဘိုကျေးရွာက
တောင်သူလေးဦးက မြေနေရာလှူပေးတယ်။ အဲဒီမြေမှာ အိမ် ဆောက်ပြီးနေတာ နှစ်နှစ်
ကျော်လောက် ရှိပြီ။ အခုမှ မကျေနပ်တဲ့သူတွေက ကန့်ကွက်တဲ့အတွက် ပြောင်းရတော့
မယ်ထင်တယ်"ဟု ကျေးရွာသားတစ်ဦး ဖြစ်သည့် ဦးညိမ်းမောင်က ပြောသည်။
ပြောင်းရွှေ့ရမည့်နေရာသည် ရေကြီးပါက အန္တရာယ်များပြီး ယခုနေထိုင်သောနေရာများနှင့်
အလွန်ဝေးကွာကြောင်း၊ ရေနက်ကွင်းနှင့် ကျွန်းအသစ်ဖြစ်ခြင်း ကြောင့် ရေကြီးလျှင်
အသက်အန္တရာယ် စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။
"အခုချပေးမယ့်နေရာက ၀ါဆို၊ ၀ါခေါင်ဆို ရေက အရမ်းတက်တယ်။ တစ်နှစ်ကို လေးကြိမ်
လောက်တက်တယ်။ ကလေးတွေ ပညာရေးအတွက် လည်း အလှမ်းဝေးသွားနိုင်တယ်။ ကျွန်း
ကလည်း ပေါ်တာမကြာသေးဘူး"ဟု ထိုရွာသားတစ်ဦးပင်ဖြစ်သော ဦးစိုးမြင့်က ပြောသည်။
ယခုလ ၅ ရက်နေ့က ပြည်သူလွှက် တော် ကိုယ်စားလှယ် ဦးအောင်သန်းက ရွာသူ၊ ရွာသား
များကို ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆိုတွေ့ဆုံပြီး ကွင်းအမှတ် ၄၃၃/ (က) တွင်
နေရာ ချထားပေးမည်ဖြစ်ကြောင်းပြောသည်။
"နေရာချထားပေးမယ့် နေရာမှာ နေချင်တဲ့သူတွေ စာရင်းပေးရမယ်။ မနေချင်လို့ စာတင်တာ
ခြောက်ကြိမ်ရှိပြီ။ ဒါပေမယ့် ဘာမှအကြောင်း မပြန်ဘူး"ဟု ဦးညိမ်းမောင်ကပြောသည်။
အဆိုပါ မြေနေရာများကို ပေ ၄၀၊ ၆၀ မြေကွက်များ ချပေးမည်ဖြစ်ရာ နေထိုင် လိုသူ ၈ ဦး
သာရှိပြီး မနေထိုင်လိုသူ ၄၂ ဦးရှိကြောင်း သိရသည်။















