ဘာသာပေါင်းစုံယှဉ်တွဲနေထိုင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးဖိုရမ်မှ ရရှိလာသော အချက်အလက်များကို တိုင်းဒေသကြီးနှင့်ပြည်ထောင်စု အဆင့်သို့တင်ပြသွားမည်

ဘာသာပေါင်းစုံယှဉ်တွဲနေထိုင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးဖိုရမ်မှ ရရှိလာသော အချက်အလက်များကို တိုင်းဒေသကြီးနှင့်ပြည်ထောင်စု အဆင့်သို့တင်ပြသွားမည်

 

ငြိမ်းချမ်းမြန်မာ (Peaceful Myanmar Initiatives) မှ ကြီးမှူးကျင်းပသောမန္တလေးတိုင်းဒေသကြီး
ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးနှင့်ဒေသတွင်း ဖွံ့ဖြိုးရေးဖိုရမ်ကို ဟိုတယ်မန္တလေး၌
ယခုလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်တာ
ကျင်းပလျက်ရှိရာ ၎င်းင်းဖိုရမ်မှ ရရှိလာသည့် ဆွေးနွေးမှု အချက်အလက်များကို
တိုင်းဒေသကြီး အစိုးရ နှင့် ပြည်ထောင်စု အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း
ဖိုရမ်ကျင်းပရေး တာဝန်ရှိသူများကဆိုသည်။

ယခုကဲ့သို့ ဖိုရမ်ကျင်းပနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ဘာသာပေါင်းစုံ
ညီညွတ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် ဆရာတော်ကြီးများ၊ ဘာသာအသီးသီးမှ
ခေါင်းဆောင်များ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ ပရဟိတ လှုပ်ရှား ဆောင်ရွက်သူများကို
ခရိုင်အလိုက် ၁၀ ဦးမှ ၂၀ ဦးထိဖိတ်ကြားခဲ့ပြီး ကျင်းပနေခြင်းဖြစ်သည်။

ဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက် လေးချက်ရှိရာ (၁) တိုင်းဒေသကြီးအဆင့် ဘာသာပေါင်းစုံ
ချစ်ကြည်ရေးလုပ်ငန်း များ ညှိနှိုင်းဆောင်ရွက်နိုင်သည့် ယန္တရားတစ်ခု တည်ဆောက်
လာနိုင်ရန်၊ (၂) ဘာသာ ရေးတစ်ခုနှင့် တစ်ခုအကြား ပွင့်လင်းပြီးလက်တွေ့တွင်အကျိုးရှိသော
ဆွေးနွေးဖလှယ်စကားဝိုင်းများကို တိုင်းဒေသကြီးအဆင့် ဆောင်ရွက်လာနိုင်ရန်၊ (၃)
အမုန်းစကားများ နှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများကို တားဆီးကာ ကွယ်ဖြေလျှော့နိုင်သည့်
လုပ်ငန်းစဉ်များ ချမှတ်လာနိုင်ရန်၊ (၄) ဒေသတွင်းငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အကြံပြုချက်များ ထုတ်ပြန်သွားရန် တို့ဖြစ်ကြောင်း သိရသည်။

"အခုပွဲအလုပ်ခင်ကတည်းကစဉ်းစားခဲ့တယ်၊ မန္တလေးတိုင်းအတွင်းမှာပဲ ပဋိပက္ခတွေ
ဖြစ်ခဲ့တဲ့အတွက် အခုလို ဖိုရမ်လေးလုပ်ဖြစ်တာပါ။ တစ်ဖက်နဲ့ တစ်ဖက် ဒီအတိုင်းပြောနေ
တာနဲ့မပြီးဘူး။အခုလို စားပွဲဝိုင်းမှာထိုင်ပြီးဆွေးနွေးကြမှ အကျိုးရှိလာမှာပါ။စားပွဲဝိုင်းမှာ
ထိုင်ပြီးဆွေးနွေးမှလည်း ဆွေးနွေးချက်တွေက တစ်ဖြည်းဖြည်းနဲ့ပေါ်လာမှာပါ။ခရိုင်အလိုက်က
ဆွေးနွေးတဲ့ဆွေးနွေးချက်တွေထွက် လာမယ်။ခရိုင်အလိုက် ထွက်ရှိလာတဲ့ဆွေးနွေးချက်တွေကို
တိုင်းဒေသကြီးအစိုးရကိုတင်ပြသွားမဲ့အပြင် ပြည်ထောင်စုအဆင့်ကိုလည်း တင်ပြသွားဖို့ရှိ
ပါတယ်။ဆွေးနွေးချက်တွေအနေနဲ့ကလည်း ခရိုင် တစ်ခုနဲ့တစ်ခုကတော့ တူကြမှာ
မဟုတ်ဘူး။မိတ္ထီလာမှာလည်း ပဋိပက္ခကတစ်မျိုး၊ပြင်ဦးလွင်က တစ်မျိုးပေ့ါ" ဟု ငြိမ်းချမ်းမြန်မာ
(Peaceful Myanmar Initiatives) မှ ကိုခင်မောင်ထွန်း က မြန်မာတိုင်း(မ်) ကိုပြောသည်။

ဖိုရမ်တွင် ခရိုင်များအလိုက် ဖြစ်ပွားခဲ့သည့် ပဋိက္ခများ ဖြေရှင်းဆောင်ရွက် ခဲ့ကြပုံနှင့်
ထိမ်းသိမ်းခဲ့ကြသည်များကို အချင်းချင်း ဖလှယ်ဆွေးနွေးကြခြင်း၊ ဒေသတွင်းဖွံ့ဖြိုးရေးအတွက်
အုပ်စုဖွဲ့လုပ်ဆောင် မှသာအောင်မြင်မှုရရှိမည်ဖြစ်သည်ကို ဘာသာရေးခေါင်းဆောင်များမှ
ဆွေးနွေးသွားမည်ဖြစ်ပြီး လူငယ်နှင့် ငြိမ်းချမ်းရေးလိုအပ်ချက်များကိုလည်း ဆွေးနွေး
သွားကြမည်ဖြစ်သည်။

"ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးတဲ့သူတွေရှိသလို ပဋိပက္ခမဖြစ်အောင်ကြိုတင်
ကာကွယ်တဲ့သူတွေလည်း မရှိလိုမဖြစ်ပါဘူး။ဒေသဖွံ့ဖြိုးမှုနဲ့ တွဲစပ်ပြီး ဘာသာပေါင်းစုံ
ညီညွတ်ရေး ကို ပိုပြီးတော့ မြှင့်တင်မယ်လို့လဲသဘောပေါက်တယ်။အခုလို ပွဲတွေက
လုပ်လဲလုပ်ထိုက်ပါ တယ်။ပြောချင်တာကတော့ ညီညွတ်ရေးပါပဲ။ ညီညွတ်ပြီဆိုရင်တော့
ကြိုက်တာလုပ်လို့ရပြီ၊ မညီညွတ်ဘူးဆိုရင်တော့ ဘာမှကို လုပ်လို့ရမှာ မဟုတ်ဘူး။
အုပ်ချုပ်သူ အုပ်ချုပ်ခံ၊ ဒါ့အပြင် စစ်တပ်နဲ့ ပြည်သူ အတူကွဲပြားနေတာတွေကိုလည်း
ညီညွတ်မှုနဲ့ဆောင်ရွက်နိုင်မှပါ။ ဘုန်းကြီးတို့သံဃာလောကမှာကို မညီညွတ်ကြဘူး။
အခုလို ဖိုရမ်ဆက်လက်ရှိနေမယ်ဆိုရင် ပိုပြီးတော့ မြတ်တာပဲ။ဒီနေ့ တစ်ပွဲဖြစ်ရင်
တစ်ပွဲမြတ်တာပေ့ါ"ဟု ဆရာတော် အရှင်အာရိယဝံသာဘိ၀ံသ (မြဝတီဆရာတော်) က
မြန်မာတိုင်း(မ်) ကိုမိန့်ကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး