ချမ်းမြသာစည်မြို့နယ်တစ်ခုလုံးတွင် မှုခင်းကြိုတင်ကာကွယ်ရေး အင်အားစုများ ဖွဲ့စည်းသွားမည်

ချမ်းမြသာစည်မြို့နယ်တစ်ခုလုံးတွင် မှုခင်းကြိုတင်ကာကွယ်ရေး အင်အားစုများ ဖွဲ့စည်းသွားမည်

 

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တစ်ခုလုံးတွင် မှုခင်းကြိုတင် ကာကွယ်ရေး
အင်အားစု များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

"တိုင်းရဲတပ်ဖွဲ့မှူး၊ အစိုးရအဖွဲ့အထိ တရားဝင်စာရင်းဇယားနဲ့ဖွဲ့တာ ကံသာယာရပ်ကွက်က
ပထမဆုံးပဲ။ ချမ်းမြသာစည်မြို့နယ် ၁၄ ရပ်ကွက်လုံးတော့ ဖြစ်အောင်လုပ်မယ်။
ပထမဦးဆုံးကျွန်တော့်ရဲ့ မဲဆန္ဒနယ် ရ ခုလုံးတော့ အရင်ဖွဲ့သွားမှာပါ"ဟု၄င်းက
ပြောသည်။

ဧပြီလ ၉ ရက်နေ့က ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်တွင် ကွက်စိတ်မှူးများ၊
အရပ်သားများပါ၀င်သည့် မှုခင်းကြိုတင်ကာကွယ်ရေးအင်အားစုကို ဖွဲ့စည်းခဲ့ပြီး ညစဉ်
၈ နာရီအချိန်ခန့်မှ စတင်ကာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဆိုင်ကယ်များဖြင့် ကင်းလှည့်လျက်
ရှိကြောင်း ၄င်းက ပြောသည်။

"မန္တလေးမှာ လုယက်မှုတွေများလာတော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒါမျိုးလေး စလုပ်ရင်
ကောင်းမလားဆိုပြီး ကံသာယာအုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးတယ်။။ ဥပဒေအရ ဒါမျိုးလုပ်လို့
ရမရကြည့်လိုက်တဲ့ အခါမှာ ထွေအုပ်ပေါင်းပြီးတော့မှ ရပ်ကွက်ထဲမှာ မှုခင်းတွေ
ကြိုတင်ကာကွယ်တဲ့အဖွဲ့တွေကိုတော့ ဖွဲ့လို့ရတယ်။ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊
ရဲတပ်ဖွဲ့မှူးတွေကိုတရားဝင်သတင်းပေးပို့ပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း လုပ်ရင် လုပ်လို့ရတယ်
ဆိုတော့ ဒီအဖွဲ့လေးကို ဧပြီ ၉ ရက်နေ့ကစပြီး ဖွဲ့ဖြစ်တာပါ"ဟု ၄င်းက ရှင်းပြသည်။

ယခုအဖွဲ့သည် အစိုးရသစ်စတက်စဉ်ကရှိခဲ့သည့် ချမ်းမြသာစည်မြို့နယ် လုံခြံုရေးစီမံချက်ကို
အခြေခံကာ ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ လုံခြံုရေးစီမံချက်ကို မြို့နယ်၏ အရှေ့ပိုင်း၊
အလယ်ပိုင်းနှင့် အနောက်ပိုင်းဟူရွေ့ပိုင်းခြားထားကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်
တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ မြို့နယ်မှူးများပါ၀င်ခဲ့ကြောင်း ၄င်းက
ပြောသည်။

"အရင်တုန်းက ချမ်းမြသာစည်ဆိုတာ မှုခင်းတအားများတယ်။ အခုဆို မှုခင်းသိသိသာသာကျပြီး
ဘာမှမဖြစ်ဘဲနောက်ဆုံး လမ်းဘေးကအတွဲတွေကအစ နည်းသွားတယ်။ ဘာလို့လဲဆိုတော့
မှောင်တဲ့အချိန်ဆို လမ်းဘေးမှာ အတွဲတွေရှိတယ်။ အတွဲတွေကို သူ့ရဲ့သဘာဝကို သွားပြီး
နှောင့်ယှက်တာမဟုတ်ဘူး။ သူတို့နှစ်ယောက်ထဲသွားပြီး မှောင်ရိပ်ခိုတဲ့အခါ လုတဲ့သူအတွက်
တအားလွယ်ကူတယ်။ အဲဒီလိုမဖြစ်အောင် ပတ်လိုက်တဲ့အခါမှာ ညမိုးချုပ်တဲ့အခါ အတွဲတွေက
အစပျောက်သွားတယ်"ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ မှုခင်းကြိုတင်ကာကွယ်ရေးအင်အားစုများကို ချမ်းမြသာစည်မြို့နယ်တစ်ခု
တည်းတင်မကပဲ မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးတွင် ဖွဲ့စည်းစေချင်ကြောင်း၊
ခိုးဆိုးလုယက်နေသူများကို ပြည်သူများက ပူးပေါင်းပါ၀င် ဖမ်းဆီးနေကြောင်းကို
ဒုစရိုက်မှုကျူးလွန်သူများသိသွား ပါက မှုခင်းများကျဆင်းသွား မည်ဖြစ်ကြောင်း၊
တပ်ဖွဲ့ဝင်အင်အား မလုံလောက်သည့်ရဲတပ်ဖွဲ့ကိုလည်း ကူညီပေးရာရောက်ကြောင်း
၄င်းက ပြောသည်။

"အခုဆိုရင် အောင်ပင်လယ်ရဲစခန်းမှူးရဲ့လှုံ့ဆော်မှုနဲ့ ဒီရပ်ပိုင်းအတွင်းမှာ တစ်ချို့
ရပ်ကွက်တွေက အ ဖွဲ့ဖွဲ့ဖို့စိုင်းပြင်းနေကြပြီ"ဟု ၄င်းက ပြောသည်။

ကန်သာယာရပ်ကွက် မှုခင်းကြိုတင်ကာကွယ်ရေးအင်အားစုသည် ဧပြီလ ၂၇ ရက်နေ့
ည ၁၂ နာရီအချိန်ခန့်က ၅၈ လမ်းနှင့် မြတ်လေးလမ်းထောင့်တွင် ဆိုင်ကယ်ဖြင့်ဖုန်းလုပြေးသူ
တစ်ဦး ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကွင်းဆက်အမှုများကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး