မန္တလေးမြို့ရှိ ဘုရားသုံးဆူ၏ ဧရိယာကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ် သတ်မှတ်မည်

မန္တလေးမြို့ရှိ ဘုရားသုံးဆူ၏ ဧရိယာကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ် သတ်မှတ်မည်

ဘုရားဖူးလာရောက်သူများ၏ ကျန်းမာရေးကို ကာကွယ်နိုင်ရန်အတွက် မန္တလေးမြို့ရှိ
ဘုရားသုံးဆူ၏ဧရိယာအတွင်း၌ ဆေးလိပ်မသောက်ရ နယ်မြေများအဖြစ်သတ်မှတ်နိုင်ရန်
စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ
သန်းစိန်ကယခုလ၃ရက်နေ့ကပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများထူထောင်ရေး
အလုပ်ဆွေးနွေးပွဲတွင်ပြောသည်။

"ဘုရားဖူးလာတဲ့သူတွေထဲမှာ အမျိုးသမီးတွေပါတယ်။ ကလေးငယ်တွေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးမိဘတွေပါတဲ့အတွက် တားမြစ်ဖို့လုပ်ဆောင်ရတာပါ။
ဆေးလိပ်ငွေ့တွေ ရှူရှိုက်မှုကနေ ကင်းဝေးအောင် ဆောင်ရွက်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်" ဟု
ဒေါက်တာသန်းစိန်ကပြောသည်။

ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်သွားမည့် ဘုရားသုံးဆူမှာ ပြည်တွင်း၊ပြည်ပ
ခရီးသွား အများအပြားလာရောက်တတ်သည့် မဟာမြတ်မုနိဘုရားကြီး၊ ကမ္ဘာ့ရှေးဟောင်း
အမွေအနှစ်စာရင်းဝင် ကျောက်စာချပ်များတည်ရှိရာ မဟာလောကမာရဇိန်ဘုရားနှင့်
ကျောက်တော်ကြီးဘုရားတို့ဖြစ်ကြောင်းသိရသည်။

"ပဏာမဦးဆုံး ကွမ်းမစားခြင်း၊ ဆေးလိပ်မသောက်ခြင်းဖြင့် ကုသိုလ်ယူပါဆိုတဲ့ ဆိုင်းဘုတ်တွေ
အရင်ထောင်ဖို့လုပ်ဆောင်သွားမယ်။ အဲဒါမှ လျော့ကျမှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့
ဒဏ်ငွေဆောင်ခြင်းတွေနဲ့ ထိန်းချုပ်မှုတွေလုပ်ဆောင်သွားမှာပါ။ အသေးစိတ်
အချက်အလက်တွေကိုတော့ သြဝါဒဆရာတော်ကြီးတွေနဲ့ တိုင်ပင်ဆောင်ရွက်ဦးမှာပါ" ဟု
မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးကပြောသည်။

ယခင်အချိန်များက ဘုရားများတွင် ဆေးလိပ်မသောက်ရအဖြစ် သတ်မှတ်ထားမှုများ
ရှိခဲ့သော်လည်း ဘုရားဖူးလာသူများမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု
အားနည်းခဲ့သည့်အတွက် ယခုအခါ ဒဏ်ငွေများနှင့်ပါသတ်မှတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း
အစည်းအဝေးတက်ရောက်လာသူများထံမှသိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်ဆောင်ရွက်မည့် ဘုရားသုံးဆူတွင် ဘုရား
လာရောက်ဖူးသူများ စည်းကမ်းများလိုက်နာတတ်ရန်အတွက် ဘုရားဂေါပကအဖွဲ့များနှင့်
ပူးပေါင်းလုပ်ဆောင်ပြီးပါက အခြားဘုရားများတွင်ပါ ဆက်လုပ်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး