မန္တလေးတိုင်းဒေသကြီး၏ တတိယအကြိမ် ဒေသတွင်း မုတ်သုံဖိုရမ်အစီအစဉ်ကို မေလ ၉ ရက်နေ့က
မန္တလေးမြို့ရှိ နိုဘယ်မင်္ဂလာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
"မုတ်သုံဖိုရမ်ကို တစ်နှစ် နှစ်ကြိမ်ကျင်းပပါတယ်။ မုတ်သုံမဝင်ခင်ရယ်၊ မုတ်သုံထွက်သွားပြီးနောက်ရယ်
ကျင်းပပါတယ်။ အခု မန္တလေးမှာ လုပ်တာကတော့ တတိယအကြိမ်ပါ" ဟု မိုးလေဝသနှင့် ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မုတ်သုံ အရမ်းခံစားရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊
မိုးရေချိန်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် မိုးရာသီကာလတွင်သာ ရရှိကြောင်း၊ မြန်မာနိုင်ငံ၏
သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေစီမံခန့်ခွဲမှုကဏ္ဍ၊ ရေအရင်းအမြစ်အသုံးချမှု
ကဏ္ဍများတွင် မုတ်သုံမိုးရေချိန်ရရှိမှုသည် များစွာသက်ရောက်မှု ရှိကြောင်း ၄င်းက ပြောသည်။
"မုတ်သုံရာသီအပြောင်းအလဲဖြစ်ပေါ်နေတဲ့ အခြေအနေကို ကျွန်တော်တို့ပိုမိုသိရှိဖို့ လိုအပ်လာတဲ့
အတွက်ကြောင့် အမျိုးသားအဆင့် မုတ်သုံဖိုရမ်တွေကို ကျင်းပလာခဲ့တာ ဖြစ်ပါတယ်"ဟု
၄င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခင်နှစ်ကကျင်းပခဲ့သော ပထမအကြိမ်နှင့် ဒုတိယအကြိမ်
မုတ်သုံဖိုရမ်တွင် ရာသီဥတုဆိုင်ရာ၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အခေါ်အဝေါ်၊ အသိပညာ
ဗဟုသုတများကို အဓိကထားတင်ပြခဲ့ကြောင်း UN HABITAT မှ National Programme Officer
ဒေါ်အေးဇာမျိုးဟန်က ပြောသည်။
"အခု တတိယအကြိမ်မှာ မနှစ်တုန်းက ပေးခဲ့တဲ့ သတင်းအချက်အလက်တွေကို ဌာနဆိုင်ရာ
ကဏ္ဍအသီးသီးမှာ ဘယ်လိုအသုံးချဖြစ်ခဲ့သလဲဆိုတဲ့ ဌာနဆိုင်ရာ အသီးသီးရဲ့ အတွေ့အကြံုတွေကို
ပြန်လည်ဝေမျှမှုတွေ ပါပါတယ်။ ဒီလို မျှဝေပြီး ၂၀၁၇ မုတ်သုံရာသီမှာ ကြိုတင်ပြင်ဆင်မှုတွေကို
ဘယ်လို ဆောင်ရွက်သွားမလဲဆိုတဲ့ အစီအစဉ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်"ဟု
၄င်းက ပြောသည်။
ထို့ပြင် ရာသီဥတုဆိုင်ရာ အချက်အလက်များ ကြိုတင်ရရှိခြင်းဖြင့် ဖြစ်ပေါ်လာမည့်
ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကိုလည်း
အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ကြိုတင် ပြင်ဆင်ခြင်းအားဖြင့် ဖြစ်ပေါ်လာမည့်
ဘေးအန္တရာယ်များနှင့် ဆုံးရှုံးမှုများကို လျော့ချ နိုင်မည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါ
ကလည်း ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၏ မုတ်သုံရာသီ အပြောင်းအလဲဖြစ်ပေါ်နေသည့် အခြေအနေကို သိရှိနိုင်ရန်အတွက်
အမျိုးသားအဆင့် မုတ်သုံဖိုရမ်များကို ၂၀၀၆ ခုနှစ်မှ စတင်ကျင်းပလာရာ ယခုမေလထဲတွင်
နေပြည်တော်၌ ၁၈ ကြိမ်မြောက် မုတ်သုံဖိုရမ်ကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
















