မန္တလေးတိုင်းဒေသကြီး တတိယအကြိမ် ဒေသတွင်း မုတ်သုံဖိုရမ်ကျင်းပ

မန္တလေးတိုင်းဒေသကြီး တတိယအကြိမ် ဒေသတွင်း မုတ်သုံဖိုရမ်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၏ တတိယအကြိမ် ဒေသတွင်း မုတ်သုံဖိုရမ်အစီအစဉ်ကို
မေ ၉ရက်က မန္တလေးမြို့ရှိ နိုဘယ်မင်္ဂလာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

''မုတ်သုံဖိုရမ်ကို တစ်နှစ် နှစ်ကြိမ် ကျင်းပပါတယ်။ မုတ်သုံမဝင်ခင်ရယ်၊ မုတ်သုံထွက်
သွားပြီးနောက် ကျင်းပပါတယ်။ အခု မန္တလေးမှာ လုပ်တာကတော့ တတိယအကြိမ်ပါ'' ဟု
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ အထက်မြန်မာပြည်ဌာနခွဲ ညွှန်ကြားရေးမှူး
ဦးကျော်လွင်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မုတ်သုံခံစားရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊
မိုးရေချိန်စုစုပေါင်း၏ ၉ဝ ရာခိုင်နှုန်းသည် မိုးရာသီကာလတွင်သာ ရရှိကြောင်း၊မြန်မာနိုင်ငံ
၏သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေစီမံခန့်ခွဲမှုကဏ္ဍ၊ ရေအရင်းအမြစ်
အသုံးချမှုကဏ္ဍများတွင် မုတ်သုံမိုးရေချိန်ရရှိမှုသည် များစွာသက်ရောက်မှုရှိကြောင်း ၄င်းက
ပြောသည်။

''မုတ်သုံရာသီ အပြောင်းအလဲဖြစ်ပေါ်နေတဲ့ အခြေအနေကို ကျွန်တော်တို့ ပိုမိုသိရှိဖို့
လိုအပ်လာတဲ့အတွက်ကြောင့် အမျိုးသားအဆင့် မုတ်သုံဖိုရမ်တွေကို ကျင်းပလာခဲ့တာဖြစ်
ပါတယ်''ဟု ၄င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ယခင်နှစ်ကကျင်းပခဲ့သော ပထမအကြိမ်နှင့် ဒုတိယအကြိမ်
မုတ်သုံဖိုရမ်တွင် ရာသီဥတုဆိုင်ရာ၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အခေါ်အဝေါ်၊ အသိ
ပညာဗဟုသုတများကို အဓိကထားတင်ပြခဲ့ကြောင်း ့UN HABITAT rS National  
Programme Officer ဒေါ်အေးဇာမျိုးဟန်က ဆိုသည်။

''အခု တတိယအကြိမ်မှာ မနှစ်တုန်းကပေးခဲ့တဲ့ သတင်းအချက်အလက်တွေကို ဌာနဆိုင်ရာ
ကဏ္ဍအသီးသီးမှာ ဘယ်လို အသုံးချဖြစ်ခဲ့သလဲဆိုတဲ့ ဌာနဆိုင်ရာအသီးသီးရဲ့အတွေ့
အကြံုတွေကို ပြန်လည်ဝေမျှမှုတွေပါပါတယ်။ ဒီလို မျှဝေပြီး ၂ဝ၁၇ မုတ်သုံရာသီမှာ ကြိုတင်
ပြင်ဆင်မှုတွေကို ဘယ်လိုဆောင်ရွက်သွားမလဲဆိုတဲ့ အစီအစဉ်တွေကို ဆွေးနွေးသွားမှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် ရာသီဥတုဆိုင်ရာ အချက်အလက်များကို ကြိုတင်ရရှိခြင်းဖြင့် ဖြစ်ပေါ်လာမည့်
ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ
ကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်း
အားဖြင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များနှင့် ဆုံးရှုံးမှုများကိုလျော့ချနိုင်မည်ဖြစ်ကြောင်း၊
ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါကလည်း ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။

အမျိုးသားအဆင့် မုတ်သုံဖိုရမ်များကို၂ဝဝ၆ ခုနှစ်မှ စတင်ကျင်းပလာရာ ယခုမေလထဲတွင်
နေပြည်တော်တွင် ၁၈ ကြိမ်မြောက် မုတ်သုံဖိုရမ်ကို ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး