ယခုနှစ် စက်တင်ဘာလတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို ယူနက်စကို၏ ကမ္ဘာ့အမွေ
အနှစ်ဒေသ စာရင်းဝင်ရန်အတွက် မူကြမ်းတင်သွင်းရာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု
ဇုန်ကို ထပ်မံတိုးချဲ့ပြီး တင်သွင်းသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခုလ ၆ ရက်တွင် ပြောသည်။
''ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို တိုးချဲ့သတ်မှတ်သွားမယ်။ တိုးချဲ့တဲ့အထဲမှာ ဧရာဝတီ
မြစ်အနောက်ဘက်က တန့်ကြည့်တောင်လည်း ပါမယ်။ ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းဖို့
အတွက် ဖြစ်ပါတယ်။ မြစ်ကြောင်းကို သန့်သန့်ပြန့်ပြန့်နဲ့ ထိန်းသိမ်းနိုင်တဲ့အတွက်ပါ'' ဟု
သူရဦးအောင်ကိုက ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို ထပ်မံတိုးချဲ့မည့်နေရာများမှာ မကွေးတိုင်းအတွင်းကျ
ရောက်သည့် ဧရာဝတီမြစ် အနောက်ဘက်အခြမ်းရှိ တန့်ကြည့်တောင်နှင့် ပုဂံမြို့၏ အရှေ့
ဘက်တွင်ရှိသော ယုန်လွှတ်ကျွန်းတို့ ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့မည့်ဧရိယာမှာ ဧက
၂ဝ,ဝဝဝ ကျော်ရှိကြောင်း ၄င်းက ပြောသည်။
ယခင်က ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်၏ ဧရိယာအကျယ်မှာ ဧက ၂၇,၉၇ဝ ရှိပြီးထပ်မံ
တိုးချဲ့သတ်မှတ်ပြီးပါက ဧက ၄၈,ဝ၉၉ထိ ရှိလာမည်ဖြစ်ပြီး ဇုန်များတိုးချဲ့ပါကလည်းမြို့၊
ရွာ၊ ဟိုတယ်၊ မိုတယ်နှင့် စားသောက်ဆိုင်များကို ရွှေ့ခိုင်းခြင်းများ ပြုလုပ်မည်မဟုတ်
ကြောင်း သူရဦးအောင်ကိုက ပြောသည်။
''ကျွန်တော်တို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကညွှန်ကြား
ထားပေးတာ ရှိပါတယ်။ ယူနက်စကိုတင်သွင်းရေးလုပ်တဲ့အခါမှာ ဒေသခံတွေအကျိုးဖြစ်
ထွန်းရေးကို အဓိက ဦးစားပေးဖို့ပြောထားပါတယ်။ အခုအတိုင်းဆိုရင် မြို့သူများသားတွေ
အတွက် စိုးရိမ်ပူပန်မှုတွေ လျော့သွားမှာဖြစ်ပြီး ဧရိယာအသစ်တွေမှာအဆောက်အအုံတွေ
ဆောက်မယ်ဆိုရင်လည်း ဒေသခံတွေကို ဦးစားပေးသွားမှာပါ'' ဟု သူရဦးအောင်ကိုက
ပြောသည်။
လက်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုဧရိယာနယ်နိမိတ်ကို ရှေးဟောင်းသုတေသနဆိုင်ရာဇုန်
(Ancient Zone)၊ ရှေးဟောင်းအဆောက်အအုံများ တည်ရှိရာဇုန် (Monu-mental Zone)
နှင့် ကာကွယ်ထိန်းသိမ်းရေးဇုန် (Protected Zone) သုံးခုနှင့်သတ်မှတ်ထားပြီး ရှေးဟောင်း
စေတီ၊ ပုထိုးများထဲတွင်ရှိနေသည့် ပုဂံမြို့သစ်နှင့် ညောင်ဦးမြို့ကိုကာကွယ်ထိန်းသိမ်းရေး
ဇုန်ထဲသို့ သွင်းမည်ဖြစ်သည့်အတွက် အဆိုပါနယ်မြေများတွင်ရှိသည့် ဟိုတယ်များနှင့်
စားသောက်ဆိုင်တို့မှာ နှစ်ကာလရှည်အထိ ဖွင့်လှစ်နိုင်မည်ဖြစ်သည့်အပြင် အဆောက်
အအုံအသစ်များ ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။
''ယူနက်စကို စာရင်းဝင်တဲ့အခါမှာ ကိုယ့်နိုင်ငံရဲ့ တန်ဖိုးက အရမ်းတိုးတက်လာတယ်။
အဲဒီလို စာရင်းဝင်ခဲ့ရင် သက်ဆိုင်ရာနေရာက ဒေသခံတွေအတွက် အခွင့်အလမ်းတွေ
ဖြစ်ပေါ်လာမယ်။ တိုးတက်လာမယ်။ ဒါကြောင့် မြန်မြန်လုပ်နေရတာပါ။ စာရင်းဝင်ဖို့
နောက်ကျသွားရင် အရမ်းနစ်နာပါတယ်'' ဟု သူရဦးအောင်ကိုက ပြောသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်သွားရမည့် မူကြမ်းကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး
လုပ်ဆောင်နေကြောင်းနှင့် မူကြမ်းမှာ ၆ဝရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံက
တင်သွင်းသည့် မူကြမ်း၏လိုအပ်ချက်များကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ယူနက်စကိုက
ပြန်လည်အကြောင်းပြန်မည်ဖြစ်ပြီးအဆိုပါတစ်နှစ်လုံး ယူနက်စကိုက စစ်ဆေးမည်ဖြစ်ကာ
၂ဝ၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ဒေသ စာရင်း ဝင်မဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး
ဦးအောင်ကျော်ကျော်က ပြောသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် ၁၉၉၆ ခုနှစ်က တင်ပြခဲ့သော်လည်း
စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် ထိုစဉ်က ပုဂံဒေသကို ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ်
သတ်မှတ်ထားခြင်း မရှိသည့်အတွက် စာရင်းဝင်ခြင်း မရှိခဲ့ရာမှ ယခုအခါ ထပ်မံတင်ပြရန်
စီစဉ်ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သည့် ပထမဆုံးနေရာမှာ ပျူမြို့ဟောင်းဖြစ်ပြီး
၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ပျူမြို့ဟောင်းကို ယူနက်စကိုက သတ်မှတ်
ခဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် ယူနက်စကိုက သတ်မှတ်ထားသည့်အချက်
များတွင် တင်သွင်းသည့်ဒေသတွင် နေထိုင်သည့်ဒေသခံများက ၄င်းဒေသကို တန်ဖိုးထားမှု
ရှိမရှိ၊ နိုင်ငံတကာတွင်ထင်ရှားမှု ရှိမရှိနှင့် လက်ရှိနှင့် အနာဂတ်တွင်မျိုးဆက် လူသားများ
အတွက် အကျိုးဖြစ်ထွန်းမှု ရှိမရှိ စသည့်အချက်များလည်း ပါဝင်သည်။
















