မြို့တွင်းမီးပွိုင့် ၂၁ ခုရှိ ကင်မရာများဖြင့် စည်းကမ်းမဲ့ယာဉ်များကို စောင့်ကြည့် မှတ်သားအရေးယူမှု စတင် လုပ်ဆောင်နေ

မြို့တွင်းမီးပွိုင့် ၂၁ ခုရှိ ကင်မရာများဖြင့် စည်းကမ်းမဲ့ယာဉ်များကို စောင့်ကြည့် မှတ်သားအရေးယူမှု စတင် လုပ်ဆောင်နေ

 

မန္တလေးမြို့တွင်း အချက်အချာကျသော မီးပွိုင့်နေရာ ၂၁ ခုတွင် တပ်ဆင်ထားသော
ကင်မရာများဖြင့် စည်းကမ်းမဲ့ယာဉ်များကို စောင့်ကြည့်မှတ်တမ်းတင်နေကာ အရေးယူမှု
လုပ်ဆောင်ရန် သက်ဆိုင်ရာဌာနများသို့ စတင် ပေးပို့နေကြောင်း မန္တလေးမြို့တော် စည်ပင်
သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနစုမှူး ဦးအုန်းကျော်က ပြောသည်။

ပြီးခဲ့သော ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း အဆိုပါမီးပွိုင့်များတွင် ကင်မရာများအားလုံး
တပ်ဆင်ပြီးစီးခဲ့ကာ ယခုအခါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူများနှင့် စည်ပင်သာယာ
တာဝန်ရှိသူများက စည်ပင်သာယာရေးကော်မတီ လေးထပ်ဆောင်ရှိ ဗဟိုထိန်းချုပ်ခန်း
(Real Traffic Control Room) မှနေ၍ နေ့စဉ်နံနက် ရ နာရီခွဲမှ ည ရ နာရီခွဲအထိ
စောင့်ကြည့် မှတ်တမ်းတင်နေကြောင်း ဦးအုန်းကျော်က ပြောသည်။

''မီးပွိုင့်ဧရိယာအတွင်း ယာဉ်တွေရဲ့စည်းကမ်းဖောက်ဖျက်မှု အားလုံးကို မှတ်တမ်းတင်ထားပြီး
သက်ဆိုင်ရာ ယာဉ်ထိန်းရုံးကို ပို့ပါတယ်။ ယာဉ်ထိန်းရုံးကနေတစ်ဆင့် ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနကို ချိတ်ဆက် လုပ်ဆောင်မှာပါ။ စည်းကမ်း ဖောက်တဲ့ယာဉ်တွေအနေနဲ့
ယာဉ်သက်တမ်း တိုးတဲ့အခါ သက်ဆိုင်ရာ ပြစ်ဒဏ်အလိုက် ဒဏ်ငွေပေးဆောင်ရပါလိမ့်မယ်။
ပြီးခဲ့တဲ့ သုံးလအတွင်း စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်စီးရေ ၅ဝ လောက်ရဲ့ မှတ်တမ်းစာရင်းကို
အခု ပို့ထားပါတယ်''ဟု ဦးအုန်းကျော်က ပြောသည်။

မြို့တွင်း မီးပွိုင့်များ၌ ယာဉ်ထူထပ်ရာ ၂၆ လမ်းတစ်လျှောက်တွင် ၆၆ လမ်းဆုံ၊ ရ၃ လမ်းဆုံ၊
၇၈ လမ်းဆုံ၊ လမ်း ၈ဝ လမ်းဆုံနေရာများ၊ လမ်း ၃ဝ တစ်လျှောက်တွင် ၆၂ လမ်းဆုံ၊ ၆၆
လမ်းဆုံ၊ ရ၃ လမ်းဆုံ၊ ရ၈ လမ်းဆုံနေရာများ၊ ၃၅ လမ်းတစ်လျှောက်တွင်၆၂ လမ်း၊ ၆၆ လမ်း၊
ရ၃ လမ်း၊ ရ၇ လမ်း၊ ရ၈ လမ်း၊လမ်း ၈ဝ လမ်းဆုံနေရာများ၊ ရ၈ လမ်းတစ်လျှောက်တွင်
၃၂ လမ်း၊ ၃၆ လမ်း၊ ၃၇ လမ်း၊၃၈ လမ်း၊ ၄၂ လမ်းဆုံနေရာများ၊ ရန်ကုန်မန္တလေးလမ်းတွင်
သိပ္ပံလမ်းဆုံနှင့် စစ်ကိုင်းလမ်းခွဲဆုံနေရာများ၌ ကင်မရာများ တပ်ဆင်ထားပြီး စည်းကမ်းပျက်
ယာဉ်ကို တွေ့ပါကယာဉ်နံပါတ်၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့်တကွ မှတ်တမ်းတင်ထားနိုင်သည်။

''အခု ကင်မရာတွေက အလိုအလျောက်မှတ်တမ်းတင်စနစ် မဟုတ်သေးလို့ စောင့်ကြည့်ရတဲ့
အားနည်းချက်တစ်ခုတော့ ရှိတယ်။ ဒီစနစ်ကို အလိုအလျောက် မှတ်တမ်းတင်စနစ်ဖြစ်အောင်
အဆင့်မြှင့်ဖို့လည်းကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက်ရှိပါတယ်။ လာမယ့်နှစ်မှာ
နောက်ထပ်မီးပွိုင့် ၁ဝ ခုမှာ ကင်မရာတွေ ထပ်တပ်ဖို့ အစီအစဉ်ရှိပါတယ်''ဟု ဦးအုန်းကျော်က
ပြောသည်။

ဗဟိုထိန်းချုပ်ခန်းမှ တာဝန်ခံအင်ဂျင်နီယာ မရွှေပြည့်စုံက ကင်မရာများမှာ မြင်ကွင်းကို
အနီးကပ်ဆွဲယူကြည့်ရှု၍ရပြီး ၃၆ဝ ဒီဂရီရွေ့လျားလည်ပတ်နိုင်သော်လည်း မူသေချိန်ကာ
ထားရှိထားကြောင်း၊ အချို့ မီးပွိုင့်နေရာများတွင် လမ်းပိတ်ကာ ကုန်တင်ကုန်ချလုပ်သော
အိမ်ရှင်များကို သွားရောက် သတိပေးရခြင်းများ ရှိပြီး ယာဉ်ပျက်၍ လမ်းပိတ်ဆို့မှုဖြစ်ခြင်း
များကိုလည်း ကူညီဖြေရှင်းပေးနိုင်ကြောင်း ပြောသည်။

''မီးနီဖြတ်တာ၊ ယာဉ်လမ်းကြောင်း ပြောင်းပြန်ဝင်တာ၊ ဂငယ်ကွေ့ ကွေ့တာ၊ ယာဉ်မရပ်
ရနေရာတွေနဲ့ ရပ်မျဉ်းကျော် ရပ်တာတွေကိုမှတ်တမ်းတင်နေပါတယ်။ ပြီးတော့
လမ်းလယ်မှာ ကာရံထားတဲ့ သံပန်းတွေ၊ အကာအရံတွေကို ဝင်တိုက်တဲ့ ယာဉ်တွေကိုလည်း
ဖမ်းဆီးအရေးယူနိုင်တာတွေရှိပါတယ်''ဟု မရွှေပြည့်စုံက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး