ယာဉ်အပ်နှံခ၊ ယာဉ်ရပ်နားခ ကောက်ခံခွင့်များကို စည်းကမ်းနှင့်အညီလုပ်ကိုင်ရန် စည်ပင်က ခေါ်ယူအသိပေး

ယာဉ်အပ်နှံခ၊ ယာဉ်ရပ်နားခ ကောက်ခံခွင့်များကို စည်းကမ်းနှင့်အညီလုပ်ကိုင်ရန် စည်ပင်က ခေါ်ယူအသိပေး

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်အပ်နှံခ၊ ယာဉ်
ရပ်နားခ ကောက်ခံခွင့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရထားသူများကို သတ်မှတ်စည်းကမ်းချက်
များနှင့်အညီ လုပ်ကိုင်ကြရန် စည်ပင်သာယာအခွန်ဌာနမှ တာဝန်ရှိသူများက ယခုလ ၄ 
ရက်တွင် ခေါ်ယူ အသိပေးလိုက်သည်။

အဆိုပါ လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ယာဉ်အပ်နှံခ၊ ယာဉ်ရပ်နားခ ကောက်ခံရန်
တာဝန်ပေးထားသော ဝန်ထမ်းများကို သတ်မှတ်ဝတ်စုံများ ဝတ်ဆင်စေရန်၊ လေလံ
စည်းကမ်းအတိုင်း သတ်မှတ်ထားသော နှုန်းထားများကိုသာ ကောက်ခံကြရန်၊ နှုန်းထား
များကို အများမြင်သာသော စာလုံးဖြင့်ဆိုင်းဘုတ်များစိုက်ထူပေးထားရန်၊ သတ်မှတ်နေရာ
နှင့်ဧရိယာများအတွင်း၌သာ ကောက်ခံကြရန် လိုအပ်ကြောင်း စည်ပင်သာယာရေး
ကော်မတီ အခွန်ဌာနမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

''ပြည်သူတွေက တိုင်ကြ၊ ပြောကြတာတွေရှိပါတယ်။ (ယာဉ်အပ်ခကောက်သူတွေ)
ဆက်ဆံရေးညံ့တယ်၊ ပြေစာမပေးတာတွေကြောင့် ဝန်ထမ်းတွေကို ထိန်းချုပ်ဖို့လိုပါတယ်။
တိတိကျကျ တိုင်တန်းလာရင်၊ ပြေစာမပေးပဲ သတ်မှတ်နှုန်းထက် ပိုကောက်ခံရင်ဘယ်သူ့
မျက်နှာမှမထောက်ဘဲ အရေးယူသွားပါမယ်။ စည်ပင်က တာဝန်ရှိသူတွေကလည်း
ဝင်စစ်ဆေးသွားမယ်'' ဟု ဦးကျော်ဇောအောင်က ပြောသည်။

လမ်းအသုံးပြုခ ကောက်ခံသည့် ဂိတ်လေးဂိတ်တွင်လည်း ပြည်သူများနှင့် ဆက်ဆံရေး
အဆင်မပြေသည့်အတွက် တိုင်စာများ တက်နေကြောင်း၊ သတ်မှတ်နှုန်းထက် ပိုမကောက်
ရန်နှင့် ယဉ်ကျေးစွာဆက်ဆံရန်လိုအပ်ကြောင်း ပြောသည်။

''ပြည်သူနဲ့ အများဆုံးထိတွေ့နေရပြီး အဆင်မပြေမှုအများဆုံး တွေ့နေရတာတွေက
ယာဉ်ရပ်နားခ ကောက်ခံတာနဲ့ လမ်းအသုံးပြုခ ကောက်ခံခွင့် ဂိတ်တွေပါ။ တချို့နေရာတွေ
မှာ လုပ်ငန်းလုပ်ဖို့ လေလံမပစ်ထားဘဲ အဆင်ပြေသလို ပိုက်ဆံဝင်ကောက်နေတာတွေ
ရှိတယ်။ အဲဒါတွေကိုလည်း ရှာဖွေဖမ်းပါမယ်။ (ပိုက်ဆံကောက်သူတွေက) ယူနီဖောင်း
ဝတ်ထားရင် ပိုက်ဆံပေးရတဲ့သူတွေကလည်း ကြည်ဖြူလေးစားမယ်'' ဟုစည်ပင်သာယာ
အခွန်ဌာနမှ ဌာနမှူးဦးဝင်းမောင်က ပြောသည်။

ယာဉ်ရပ်နား ကန့်သတ်ခ ကောက်ခံခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော ဦးအေးကိုက
ကန့်သတ်ဧရိယာအတွင်းရှိ ဆိုင်များမှယာဉ်များမှာ ပုံမှန်ငွေပေးခြင်းမရှိကြောင်း၊ ၄င်းဆိုင်
များသို့ လာသော စျေးဝယ်များ၏ယာဉ်များကိုလည်း ငွေကောက်ခံခွင့် မပြုကြောင်း ပြောပြီး
လုပ်ငန်းရှင် ဒေါ်ငြိမ်းငြိမ်းထွေးမှလည်း ယာဉ်လာရောက်ရပ်နားသောသူများက ရပ်နားခ
မပေးချင်သလို ဆိုင်ရှင်များကလည်း ရပ်နားခ မကောက်ခံရန် ပြောခြင်းများရှိသဖြင့်
ထိရောက်အောင် ဖြေရှင်းပေးစေလိုကြောင်း ပြောသည်။

''လုပ်ငန်းလေလံ စည်းကမ်းချက်တွေကို (ယာဉ်ရပ်နားခ ကောက်ခံခွင့် ဧရိယာအတွင်းရှိ)
ဆိုင်ရှင်တွေကို ရှင်းပြဖို့ လိုအပ်ပါတယ်။ လမ်းပေါ်မှာ ယာဉ်တွေမရပ်စေချင်လို့ ယာဉ်ရပ်နား
ကန့်သတ်ကောက်ခံခွင့်ဧရိယာတွေ သတ်မှတ်ထားတာပါ။ ကောက်ခံတဲ့ ဝန်ထမ်းတွေကို
ယူနီဖောင်းဝတ်ခိုင်းတာ၊ စည်းကမ်းချက်တွေပြောပြပြီး လုပ်တဲ့နောက်မှမရရင် ကျွန်တော်တို့
ဌာနက ဖြေရှင်းပေးသွားမယ်'' ဟု ဦးဝင်းမောင်က ပြောသည်။

စည်ပင်သာယာရေးကော်မတီမှ ယခုနှစ်အတွက် ယာဉ်အပ်နှံခကောက်ခံခွင့် နေရာ ၄ဝ
ကျော်၊ ယာဉ်ရပ်နား ကန့်သတ်ကောက်ခံခွင့် နေရာ ခြောက်နေရာတို့ကို လေလံတင်ရောင်း
ချခဲ့သည်။ ၄င်းတွင် ယာဉ်အပ်နှံခများအဖြစ် ဆိုင်ကယ်တစ်စီး ကျပ် ၂ဝဝ၊ ကားတစ်စီး ကျပ်
၃ဝဝ ကောက်ခံရန် သတ်မှတ်ထားပြီး ယာဉ်ရပ်နား ကန့်သတ်နေရာများတွင် ရပ်နားခများကို
ဆိုင်ကယ်တစ်စီး တစ်နာရီလျှင် ကျပ် ၁ဝဝ၊ ကားတစ်စီး တစ်နာရီလျှင် ကျပ် ၂ဝဝ ကောက်
ခံရန်သတ်မှတ်ထားပြီး ပိုမိုကျော်လွန်ရပ်နားသည့် တစ်နာရီတိုင်းအတွက် ကျပ် ၂ဝဝ
ကောက်ခံရန် သတ်မှတ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး