မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် နွေရာသီကာလ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု
ဆိုးဆိုးဝါးဝါး မဖြစ်ပေါ်နိုင်အောင် ဆောင်ရွက်ပြီး ဖြစ်သောကြောင့် စိုးရိမ်စရာ
မရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးဝေရေး
ကော်ပိုရေးရှင်းမှ တာဝန်ရှိသူက ပြောသည်။
တိုင်းဒေသကြီးအတွင်း၌ ဧပြီလနှင့် မေလအစောပိုင်းက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ
ရှိခဲ့သောကြောင့် အများပြည်သူများကြား နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဆိုးဝါးစွာ
ပြတ်တောက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အပေါ်
ဝေဖန်မှုများလည်း ရှိနေခြင်းဖြစ်သည်။
တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ရှိသော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့်
သဘာဝဓာတ်ငွေ့သုံး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ စုပေါင်းပြီး လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးနေခြင်းဖြစ်ကာ နွေရာသီတွင်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ
လျှပ်စစ်ဓာတ်အား ပိုမိုထုတ်ယူနိုင်ရန် ရေအလုံအလောက် စုမိပြီးဖြစ်သောကြောင့်
မန္တလေးတိုင်းဒေသကြီးတွင် နွေရာသီလျှပ်စစ်မီး ပြတ်တောက်မည်ကို စိုးရိမ်စရာ
မလိုတော့ကြောင်း တိုင်းလျှပ်စစ်ဓာတ်အားပေးဝေရေးကော်ပိုရေးရှင်း စီမံကိန်းဌာန
အင်ဂျင်နီယာ ဦးစိုးမင်းထွန်းက ယခုလ ရ ရက်တွင် မီဒီယာများကို ပြောသည်။
''ရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေသုံးလျှပ်စစ်ထုတ်လုပ်ရေးကို ပေါင်းပြီးတော့
ဓာတ်အားဖြန့်ဖြူးပေးတယ်။ နွေရာသီမတိုင်ခင် ရေအားလျှပ်စစ်တွေကို ရေစုဆောင်းနိုင်ဖို့
သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေနဲ့ ဓာတ်အား ပိုမိုထုတ်နိုင်အောင်
ပြောင်းလဲ မောင်းနှင်ခဲ့တယ်။ ဒီနှစ် ရေအားလျှပ်စစ်စက်ရုံတွေရဲ့ ရေသိုလှောင်မှုပမာဏက
အရင်နှစ်တွေထက် ပိုမိုရှိနေတယ်။ မေလလယ်လည်း ရောက်တော့မှာဖြစ်တဲ့အတွက်
အဲဒီနောက်ဆိုရင် မိုးကာလရောက်ပြီဖြစ်တဲ့အတွက် ရေလုံလောက်ပါတယ်။
ဆိုးဆိုးဝါးဝါးဓာတ်အားပြတ်တောက်မှုမျိုးတော့ မရှိနိုင်တော့ပါဘူး'' ဟု ဦးစိုးမင်းထွန်းက
ပြောသည်။
သို့သော် အသုံးပြုထားသည့် ထရန်စမော်မာများ အပူလွန်ကဲ၍သော် လည်းကောင်း၊
သဘာဝဘေးအန္တရာယ်များကြောင့် သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ
ပြတ်တောက်၍သော်လည်းကောင်း ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိနေမည်ဖြစ်ကာ
အချိန်အတိုတောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အား
သုံးစွဲနေသည့် ပြည်သူများအနေဖြင့် နားလည်ပေးစေလိုကြောင်း ကော်ပိုရေးရှင်း
တာဝန်ရှိသူများက ပြောသည်။
တိုင်းဒေသကြီးအတွင်းရှိ ရဲရွာ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ကင်းတားရေအားလျှပ်စစ်
ထုတ်လုပ်ရေး၊ ဆည်တော်ကြီးရေအားလျှပ်စစ် ထုတ်လုပ်ရေးနှင့် မြင်းခြံမြို့နှင့်
ကျောက်ဆည်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတို့မှနှစ်စဉ်
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,ဝဝဝဝန်းကျင်ခန့် ထုတ်လုပ်ပေးနိုင်ပြီး တိုင်းဒေသကြီးအနေဖြင့်
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၅ဝဝ ကျော်ကို သုံးစွဲနေခြင်းဖြစ်ကြောင်းကော်ပိုရေးရှင်းမှ
သိရသည်။
''မန္တလေးတိုင်း ကော်ပိုရေးရှင်းအနေနဲ့ကတော့ ဖြစ်နိုင်ရင် မီးလုံးဝမပျက်အောင်
ဆောင်ရွက်ပေးချင်သော်လည်း နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့ ဓာတ်အားလိုင်းတွေရဲ့
အားနည်းချက်တွေကြောင့် အခိုက်အတန့်မီးပျက်တာလေးတွေတော့ ရှိနေဦးမယ်။
အဲဒီအတွက်လည်း တောင်းပန်ချင်ပါတယ်။ဟိုရက်ပိုင်းတွေက မီးပျက်တယ်ဆိုတာက
ရွှေသဘာဝပိုက်လိုင်းက အရေးပေါ် ပြင်ဆင်မှုတွေ ဆောင်ရွက်လိုက်ရတဲ့အတွက်
သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု လျော့နည်းသွားတယ်။ အဲဒါကြောင့် ဖြစ်တာပါ။ ဒါပေမဲ့
ရေအားလျှပ်စစ်ကနေ ပြန်လည် ပ့ံပိုးထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်''ဟု ဦးစိုးမင်းထွန်းက
ဆိုသည်။
''မိုးနည်းနည်းရွာတာနဲ့ မီးကတော့ တန်းပျက်တာပါပဲ။ မီးပျက်ရင် ဆက်သွယ်မေးမြန်းနိုင်ဖို့
ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားတာတော့ ရှိတယ်။ ဒါပေမဲ့ အများက မသိကြဘူး။
ဖုန်းနံပါတ်တွေကလည်း ခေါ်လို့မရတာလေးတွေရှိတယ်။ အဲဒီတော့ မီးပျက်တယ်ဆိုရင်
ဘာကြောင့်ပျက်တယ်၊ အချိန်ဘယ်လောက် ကြာမလဲဆိုတော့ကိုတော့ အတတ်နိုင်ဆုံး
အမြန်သတင်းထုတ်ပြန်ပေးစေချင်ပါတယ်။ ဒါမှာလည်း သုံးစွဲသူက သူ့ဘာသာချင့်ချိန်ပြီး
ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ မဟုတ်ရင် မီးဘယ်ချိန်လာမလဲဆိုပြီး
ထိုင်စောင့်နေရတာကတော့ မဖြစ်သင့်တော့ပါဘူး'' ဟုပြည်ကြီးတံခွန်မြို့နယ်တွင်
နေထိုင်သူတစ်ဦးက ပြောသည်။
















