မန္တလေးမြို့ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းသည် ယခုလ ရ ရက်တွင် တည်ထောင်ခဲ့သည့်
သက်တမ်း ၁၉ နှစ်ပြည့်မြောက်ခဲ့ပြီး စတင်တည်ထောင်ချိန်မှ လက်ရှိကာလအထိ စျာပနနှင့်
အရေးပေါ်ကိစ္စ ပေါင်း ၅၇,ဝဝဝကျော်ကို အကူအညီပေးနိုင်ခဲ့ကြောင်း အသင်းဥက္ကဋ္ဌ
ဦးသန်းထွန်းမြင့်က ပြောသည်။
နာရေးကူညီမှု လုပ်ငန်းများအဖြစ် ၁၉ နှစ်တာ ကာလအတွင်း မော်တော်ယာဉ်အစီး၂ဝ ကို
အသုံးပြုကာ စျာပနပေါင်း ၅၄,ဝဝဝကျော်၊ အရေးပေါ် ကိစ္စပေါင်း ၃,ဝဝဝ ကျော်၊ အဝေးခရီးပေါင်း
၂,၇ဝဝ ကျော်ကို အကူအညီပေးနိုင်ခဲ့ပြီး ယခုနှစ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဦးသန်းထွန်းမြင့်က ပြောသည်။
''အသင်းအနေနဲ့ ပြီးခဲ့တဲ့ နှစ်ထဲမှာ အသင်းရဲ့ အရင်ရှိထားတဲ့ လုပ်ငန်းတွေအပြင်
ကုသိုလ်ဖြစ် အထူးကုဆေးပေးခန်းမှာ အသည်းအထူးကု ဆရာဝန်ကြီးနဲ့ လစဉ်ပြသနိုင်ဖို့၊
အစာအိမ်/အူလမ်းကြောင်းအထူးကုနဲ့ ကျောက်ကပ်အထူးကုဆရာဝန်တွေနဲ့ ပြသနိုင်ဖို့ တိုးချဲ့
စီစဉ်ခဲဲ့တဲ့အပြင် ကျောက်ကပ်တု သွေးသန့်စင်စက်တွေကိုလည်း ၂ဝ၁၅ ခုနှစ်မှာ လေးလုံးသာ
ရှိရာကလက်ရှိမှာ အလုံး ၂ဝ အထိ တပ်ဆင်ပြီး လုပ်ဆောင်ပေးနေပါပြီ''ဟု
ဦးသန်းထွန်းမြင့်ကယခုလ ၉ ရက်တွင် ပြောသည်။
အသင်းရှိ နာရေး/သဘာဝဘေးကူညီဆောင်ရွက်ရေးအဖွဲ့အနေဖြင့် ပုံမှန်အတိုင်း ဆောင်ရွက်
လျက်ရှိရာ ယမန်နှစ် သြဂုတ်လမှ စ၍ အခြား လူမှုကူညီရေးအသင်းနှင့် တိုင်းရင်းသားအဖွဲ့
၂၅ ဖွဲ့ပါဝင်သော သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (မန္တလေး ယာယီ) ကို ဖွဲ့စည်း
လုပ်ဆောင်နေသည်ဟုလည်း ၄င်းက ပြောသည်။
''ရှေ့လုပ်ငန်းစဉ်တွေထဲမှာ ၂ဝ၁၇ ခုနှစ်ကို ပညာရေးနှစ်အဖြစ် သတ်မှတ်ပြီး ပညာရေးကူညီမှု
လုပ်ငန်းအောက်မှာရှိတဲ့ ပညာရေး အထောက်အကူပြုလုပ်ငန်း၊ စာကြည့်တိုက်လုပ်ငန်းနဲ့
ဓမ္မစကူးလ် ဖွင့်လှစ်ခြင်းတွေကို ပိုအားထည့်သွားဖို့၊ အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းကို
ပြည်သူအားကိုးရတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာအောင်အကောင်အထည်ဖော်သွားဖို့ ယေဘုယျ
သတ်မှတ်ထားတယ်'' ဟု ဦးသန်းထွန်းမြင့်က ပြောသည်။
ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှာနာရေးကူညီမှုလုပ်ငန်း၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု
လုပ်ငန်း၊ သဘာဝဘေးကူညီထောက်ပံ့ရေးလုပ်ငန်း၊ သွေး၊အသည်း၊ ကျောက်ကပ် လှူဒါန်းမှု
ကူညီရေးလုပ်ငန်းနှင့် ပညာရေး ကူညီမှုလုပ်ငန်းများကို နေ့စဉ် လုပ်ဆောင်နေကာ ၂ဝ၁၆-၁၇
ခုနှစ်အတွင်း ဆေးခန်းသို့ လာရောက်ပြသသော လူနာပေါင်း ၅၂,ဝဝဝ ကျော် ရှိခဲ့ကြောင်း
အသင်းမှတ်တမ်းများအရ သိရသည်။
















