ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် သဗ္ဗညုဘုရားပြင်ဆင်ခွင့် နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးမည်

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် သဗ္ဗညုဘုရားပြင်ဆင်ခွင့် နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကြာမီသွားရောက်မည့် တရုတ်
ခရီးစဉ်တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးမှုကြီးမားခဲ့သည့် ပုဂံရှိ သဗ္ဗညုဘုရားကိုတရုတ်နိုင်ငံမှ 
ပြင်ဆင်ပေးရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးမည့်ကိစ္စလည်း 
ပါဝင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုက ယခုလ ၆ ရက်က ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြုလုပ်ခဲ့
သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ သတင်းစာ
ရှင်းလင်းပွဲတွင် ပြောသည်။

''အခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဥရောပခရီးစဉ် ထွက်ခွာနေတယ်။ ဥရောပ
ခရီးစဉ်ကနေ ပြန်လာပြီးလို့ မကြာခင်အချိန်အတွင်းမှာ တရုတ်ပြည်ကို ထပ်ပြီးသွားမယ်။
ကိစ္စရပ်တွေ အများကြီးဆွေးနွေးမယ့်ကိစ္စရပ်တွေထဲမှာ ပုဂံကသဗ္ဗညုဘုရားပြင်ဆင်ရေးကို
တရုတ်ပြည်ကနေ ကူညီပေးဖို့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူလက်မှတ်
ရေးထိုးသွားမယ်။ ပြီးရင်တော့ တရုတ်ပြည်ကပြင်ဆင်ရေးကိစ္စတွေ လုပ်တော့မှာပါ'' ဟု
သူရဦးအောင်ကိုက ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ချောက်မြို့နယ်ကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်
ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှ ပုဂံဘုရား ၄ဝဝ နီးပါး ပျက်စီးမှုဖြစ်ပေါ်ခဲ့
သည့်အနက် သဗ္ဗညုဘုရားမှာပျက်စီးမှုကြီးမားခဲ့သည့် ဘုရားများထဲတွင်ပါဝင်နေခဲ့သည်။

''တရုတ်ပြည်ကို ကျွန်တော်တို့ဘက်ကနေအကူအညီတောင်းလိုက်တာပါ။ ဖေဖော်ဝါရီလ
အတွင်းက ပုဂံမှာ ဘုရားတွေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ လုပ်ချိန်မှာ
တရုတ်နိုင်ငံ သံအမတ်ကို အကူအညီတောင်းလိုက်ရတယ်။ တရုတ်နိုင်ငံက ရုပ်ပိုင်းဆိုင်ရာ
တွေနဲ့ပတ်သက်ပြီး ပြုပြင်တာတွေကအကောင်းဆုံးဆိုတော့ သူတို့ကိုအကူအညီတောင်း
ရတဲ့သဘောပါ''ဟု သူရဦးအောင်ကိုက ပြောသည်။

မြန်မာနိုင်ငံဘက်မှ အကူအညီတောင်းခံမှုကို တရုတ်နိုင်ငံဘက်မှ သဘောတူခဲ့သည့်
အတွက် သဗ္ဗညုဘုရား ပြင်ဆင်ခြင်းကိစ္စရပ်များနှင့် ပတ်သက်သည့် ပညာရှင်များ၊ နည်း
ပညာများနှင့် ကုန်ကျစရိတ်များကို တရုတ်နိုင်ငံဘက်ကသာ အကုန်အကျခံမည်ဖြစ်ကြောင်း
၄င်းက ပြောသည်။

''သဗ္ဗညုဘုရားရဲ့ ပျက်စီးမှုက အပြင်ပန်းတွေ မဟုတ်ဘူး။ အတွင်းထဲမှာ ပျက်စီးမှုဖြစ်ပေါ်
တာပါ။ အတွင်းပိုင်းတွေက ကြီးကြီးမားမားကို ပျက်စီးမှု ဖြစ်တာပါ။ ဘုရားအတွင်းပိုင်းမှာ
အသံပြုလိုက်ရင် ပြန်လည်တုံ့ပြန်တဲ့အသံမလာတော့ဘူး'' ဟု ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူးဦးအောင်ကျော်ကျော်က ပြောသည်။

သဗ္ဗညုဘုရား၏ အပေါ်ပိုင်းဖြစ်သည့်ကွမ်းတောင်များနှင့် ကွမ်းတောင်အောက်ခြေများတွင်
ပျက်စီးမှု ဖြစ်ပေါ်ထားသော်လည်း အဓိကပျက်စီးမှုမှာ ဘုရား၏အတွင်းပိုင်းများဖြစ်ကြောင်း
နှင့် လက်ရှိအချိန်တွင်အဆိုပါဘုရားကို UNESCO မှ ပညာရှင်များနှင့် မြန်မာနိုင်ငံဘက်မှ
အင်ဂျင်နီယာများကအရေးပေါ် ထိန်းသိမ်းဆောင်ရွက်ခြင်းများလုပ်ဆောင်နေကြောင်း
၄င်းက ဆိုသည်။

သဗ္ဗညုဘုရားပြင်ဆင်ခွင့်ကို တရုတ်နိုင်ငံက သဘောတူထားသည့်အပြင် ပုဂံဘုရားများ
ပြန်လည်ပြင်ဆင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကိုလည်း လှူဒါန်းထားကြောင်း
နှင့် လက်ရှိအချိန်တွင် ပြင်သစ်၊ အီတလီ စသည့် နိုင်ငံများမှလည်း ပုဂံဘုရားများ ပြန်လည်
ပြင်ဆင်ရာတွင် အကူအညီများပေးနိုင်ကြောင်း စသည့် ကမ်းလှမ်းမှုများကို ရရှိထားကြောင်း
သူရဦးအောင်ကိုကပြောသည်။

''ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်တာက အရေးကြီးတယ်။
အဲဒီတော့ ကျွန်တော်တို့ဘက်ကနေ ပြင်လို့မနိုင်ရင် အခြားနိုင်ငံက အကူအညီတွေကို
လည်း လက်ခံသင့်ရင် လက်ခံတာ ကောင်းတယ်။ တရုတ်တစ်ခုတည်းမဟုတ်ဘူး၊
ကျန်တဲ့အခြားနိုင်ငံက အကူအညီတွေလည်း ယူသင့်တယ်လို့ ထင်ပါတယ်''ဟု
ညောင်ဦးမြို့ခံ ဦးစိုးဝင်းက ပြောသည်။

သဗ္ဗညုဘုရားကို အေဒီ ၁၁၄၄ က အလောင်းစည်သူမင်းက တည်ထားခဲ့ပြီး၊ ဘုရား၏
ပုံစံမှာ ကွမ်းတောင်ပေါက်လိုဏ်လေးဆင့်ဘုရားဖြစ်ကာ ပုဂံဘုရားများထဲတွင် ဉာဏ်တော်
(ဉာဏ်တော် ၂၁ဝ ပေမြင့်) အမြင့်ဆုံးဘုရား ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး