ဘုရားဖူး လာရောက်သူများ၏ ကျန်းမာရေးကိုကာကွယ်နိုင်ရန်အတွက် မန္တလေးမြို့ရှိ
ဘုရားသုံးဆူ၏ ပရဝဏ်အတွင်း၌ ဆေးလိပ်မသောက်ရနယ်မြေများအဖြစ် သတ်မှတ်နိုင်ရန်
စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ
ဒေါက်တာသန်းစိန်က ယခုလ ၃ ရက်တွင် ပြုလုပ်သည့် ဆေးလိပ်ငွေ့ ကင်းစင်ရေး
နယ်မြေများ ထူထောင်ရေး အလုပ်ဆွေးနွေးပွဲ၌ ပြောသည်။
''ဘုရားဖူးလာတဲ့သူတွေထဲမှာ အမျိုးသမီးတွေပါတယ်။ ကလေးငယ်တွေပါတယ်။ ကိုယ်ဝန်ဆောင်
မိခင်တွေ၊ ကလေးမိဘတွေ ပါတဲ့အတွက် တားမြစ်ဖို့ လုပ်ဆောင်ရတာပါ။ ဆေးလိပ်ငွေ့တွေ
ရှူရှိုက်မှုကနေ ကင်းဝေးအောင် ဆောင်ရွက်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်'' ဟု ဒေါက်တာသန်းစိန်က
ပြောသည်။
ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်သွားမည့် ဘုရားသုံးဆူမှာ ပြည်တွင်း၊
ပြည်ပ ခရီးသွား အများအပြား လာရောက်တတ်သည့် မဟာမြတ်မုနိဘုရားကြီး၊ ကမ္ဘာ့ရှေးဟောင်း
အမွေအနှစ်စာရင်းဝင် ကျောက်စာချပ်များ တည်ရှိရာ မဟာလောကမာရဇိန်ဘုရားနှင့်
ကျောက်တော်ကြီးဘုရားတို့ ဖြစ်ကြောင်း သိရသည်။
''ပဏာမဦးဆုံး ကွမ်းမစားခြင်း၊ ဆေးလိပ်မသောက်ခြင်းဖြင့် ကုသိုလ်ယူပါဆိုတဲ့ ဆိုင်းဘုတ်တွေ
အရင်ထောင်ဖို့ လုပ်ဆောင်သွားမယ်။ အဲဒါမှ လျော့ကျမှု မရှိဘူးဆိုရင်တော့ကျွန်တော်တို့
ဒဏ်ငွေဆောင်ခြင်းတွေနဲ့ထိန်းချုပ်မှုတွေ လုပ်ဆောင်သွားမှာပါ။အသေးစိတ် အချက်အလက်
တွေကိုတော့သြဝါဒ ဆရာတော်ကြီးတွေနဲ့ တိုင်ပင်ဆောင်ရွက်ဦးမှာပါ'' ဟု မဟာမြတ်မုနိ
ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
ယခင်အချိန်များက ဘုရားများတွင် ဆေးလိပ်မသောက်ရအဖြစ် သတ်မှတ်ထားမှုများ ရှိခဲ့သော်လည်း
ဘုရားဖူးလာသူများကထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုလိုက်နာမှု အားနည်းခဲ့သည့်အတွက်
ယခုအခါဒဏ်ငွေများနှင့်ပါ သတ်မှတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အစည်းအဝေး
တက်ရောက်လာသူများထံမှ သိရသည်။
ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေအဖြစ်ဆောင်ရွက်မည့် ဘုရားသုံးဆူတွင် ဘုရားလာရောက်ဖူး
သူများ စည်းကမ်းများ လိုက်နာတတ်ရန်အတွက် ဘုရားဂေါပကအဖွဲ့များနှင့် ပူးပေါင်း
လုပ်ဆောင်ပြီးပါက အခြား ဘုရားများတွင်ပါ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။















