စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်ချုပ်ချယ်မှုများ
ရှိနေသေးပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်များကို
ချိုးဖောက်မှုများ ရှိနေသေးဟု ဆိုကာ မန္တလေးမြို့တွင် ဧပြီ ၂၆ ရက်ကဆန္ဒဖော်ထုတ်ခဲ့ကြသည့်
ကျောင်းသားလေးဦးကို တရားရုံးမထီမဲ့မြင်ပြုလုပ်မှုအပါအဝင် စုစုပေါင်း ထောင်ဒဏ်လေးလ
ချမှတ်ခဲ့သည်။
ဧပြီ ၂၆ ရက်က မန္တလေးမြို့၊ ၃၅ လမ်းနှင့်လမ်း ၈ဝ ထောင့်ရှိ အဆင့်မြင့်ပညာ ဦးစီးဌာန
အထက်မြန်မာပြည် ရုံးရှေ့တွင်စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသား ကိုဇော်ရဲထွဋ်နှင့်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကိုနှင်းအောင်တို့က ခွင့်ပြုချက်ရယူခြင်း
မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ယင်းကျောင်းသား နှစ်ဦးနှင့် ဝန်းရံသူများ ဖြစ်သည့်
ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကိုရဲမျိုးဆွေ၊ ကိုကောင်းဇော်ဟိန်းတို့ကို
ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ချမ်းအေးသာစံမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာပုဒ်မ
၁၉ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြီးအမိန့်ချမှတ်ရန်အတွက် တရားစစ်ဆေးစီရင်နေချိန်တွင်
ကျောင်းသားများက နားမထောင်ဘဲ တရားရုံးကို ကျောပေးထိုင်ကာ အော်ဟစ်နေသောကြောင့်
ရာဇသတ်ကြီးပုဒ်မ ၂၂၈ ကို ချိုးဖောက်ရာ ရောက်သဖြင့် တရားရုံးမထီမဲ့မြင် ပြုလုပ်မှုဖြင့်
ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံး သတင်းနှင့်ပြန်ကြားရေး
အရာရှိ ဦးမောင်မောင်သက်လွင်က ယခုလ ၉ ရက်တွင် ပြောသည်။
''ပုဒ်မ ၁၉ အတွက်က ထောင်သုံးလချမှတ်လိုက်တယ်။ ကျွန်တော် အမိန့်ချဖို့စစ်ဆေးစီရင်နေတဲ့
အချိန်မှာ နားမထောင်ဘူး။ တရားရုံးကျောပေးထိုင်တယ်။ အော်ချင်ရာ အော်နေတယ်။
အဲဒီအတွက်ရာဇသတ်ကြီး ပုဒ်မ ၂၂၈ ကို ဖောက်ဖျက်ရာကျတယ်။ တရားရုံးကို အများ
အကြည်ညှိပျက်စေတယ်။ အရင်နေ့က လုပ်တာတွေကိုခွင့်လွှတ်ထားတယ်။ ဒါပေမဲ့
ဒီနေ့မလုပ်ဖို့အရင်ဆုံး ကြိုပြောထားတယ်။ ပြောလို့မရဘူး။ ၂၂၈ ကို ကျူးလွန်တဲ့အတွက်
ပုဒ်မ၄၈ဝ (၁) အရ ချက်ချင်းအရေးယူတယ်။တစ်ယောက်ဒဏ်ငွေ ၂ဝ,ဝဝဝ ဆောင်ဖို့
အမိန့်ချတယ်။ ဘယ်သူမှာ မဆောင်ဘူး။နောက်ကလိုက်တဲ့ ရဲဘော်ရဲဘက်တွေလည်း
မဆောင်ဘူး။ အဲဒီအတွက် အလုပ်မဲ့ထောင်တစ်လ ချပါတယ်'' ဟု
ဦးမောင်မောင်သက်လွင်က ပြောသည်။
ကျောင်းသားများက ရုံးထုတ်ချိန်တွင်ပုဒ်မ ၁၉ အား ဆန့်ကျင်သောအားဖြင့်တရားခွင်အား
နောက်ကျောပေး၍လက်ကိုင်ဖုန်းများကို နားကျပ်တပ်ကာတရားရုံးအား
သပိတ်မှောက်နေကြခြင်းဖြစ်ကာ အပြီးသတ် အမိန့်ချမည့်နေ့တွင်တရားခွင်၌
လက်ထိထ်များကို ဖြုတ်ပေးရန်တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး မတရားပုဒ်မများအား
အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အပြီးသတ် အမိန့်ချမှတ်သည့်နေ့တွင်ကျောင်းသားများကို တရားရုံးမှ ကားပေါ်သို့
တင်ရာ လမ်းတစ်လျှောက်တွင် ကျောင်းသားများ၏ ဆန္ဒပြ တောင်းဆိုခြင်းများကြောင့်
ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
















