လေပြင်းတိုက်ခတ်မှုကြောင့်ကျပ်သိန်းပေါင်း ၅ဝဝ ကျော် ပျက်စီးဆုံးရှုံး

လေပြင်းတိုက်ခတ်မှုကြောင့်ကျပ်သိန်းပေါင်း ၅ဝဝ ကျော် ပျက်စီးဆုံးရှုံး

 

မန္တလေးတိုင်းဒေသကြီးတွင် မေ ၅ ရက် ညဦးပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်
လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ ပျက်စီးပြိုကျခြင်း၊
လူနှင့်တိရစ္ဆာန်များ သေဆုံးခြင်းများ ရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း
၅ဝဝ ကျော်(ကျပ် ၅၁,၇၉၆,၅၇ဝ) ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၅ ရက် မွန်းလွဲ ၂ နာရီ မိုးလေဝသ
ခန့်မှန်းချက်တွင် အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏
အရှိန်ကြောင့် ယနေ့ညနေမှ နောက် ရ၂ နာရီအတွင်း မန္တလေးတိုင်းဒေသကြီး အပါအဝင်
အခြားဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး လေပြင်းများ တိုက်ခတ်ခြင်း၊
မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည်
တစ်နာရီ မိုင် ၃ဝမှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အထက်ဖော်ပြပါ
မိုးလေဝသ ဖြစ်စဉ်များကို အထူးဂရုပြု နေထိုင်သင့်ကြောင်းကြေညာခဲ့သည်။

''ကျွန်တော်တို့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဖြစ်ခဲ့တယ်။ အရင်နှစ်တွေတုန်းကလည်း
ဖြစ်တယ်ဆိုပေမဲ့ ဒီနှစ်ကတော့ မနှစ်ကထက် ပိုပြင်းထန်ခဲ့တယ်''ဟု မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက
ပြောသည်။

မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ် အစပ်ကြားတွင် ယင်းနေ့ ည ၈ နာရီကျော်အချိန်ခန့်မှ
စတင်ခါ လေပြင်းများ ကျရောက်ခဲ့သော်လည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်
မိုးလေဝသစခန်းတွင် ထူးခြားမိုးလေဝသအခြေအနေအဖြစ် တိုင်းထွာရရှိမှု မရှိခဲ့ပေ။

''အဲဒီနေ့ ည ၈ နာရီကျော်လောက်ကမန္တလေးမြို့ထဲကနေ ပုသိမ်ကြီးမှာရှိတဲ့အိမ်ကိုပြန်တော့
လမ်းမှာ လေက နည်းနည်းတိုက်နေတယ်။ အိမ်ရောက်ခါနီးမှာ လေက ရှေ့ကို
ဘာမှမမြင်နိုင်အောင် တိုက်တော့တာပဲ။ အဲဒီအချိန်ကတည်းက တိုက်လိုက်တာ
ည ၁၂ လောက်မှပဲ လေငြိမ်သွားတော့တယ်။ ဘေးအိမ်က သွပ်မိုးတွေလန်တဲ့
အသံတွေက အတိုင်းသား ကြားနေရတယ်''ဟု ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းကွက်သစ်တွင်
နေထိုင်သူ မဝင်းသန္တာဦးက ပြောသည်။

ပြင်ဦးလွင်မြို့နယ် မိုးလေဝသစခန်းမှတိုင်းထွာချက်အရ မေ ၅ ရက် ည ၁၂ နာရီ၅ဝ မိနစ်မှ
စတင်ခါ မိနစ် ၃ဝ ခန့် အနောက်အရပ်မှ တစ်နာရီလျှင် မိုင် ၂ဝ နှုန်းဖြင့် မိုးသက်လေပြင်းများ
တိုက်ခတ်ခဲ့သည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်မြို့နယ်တို့တွင်
လေပြင်းတိုက်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရပြီး လူနေအိမ် ၁၉၅ အိမ်၊ စာသင်ကျောင်း
ကိုးကျောင်း၊ ဘာသာရေး အဆောက်အအုံသုံးလုံး၊ စေတီနှစ်ဆူ ပျက်စီးခဲ့ကာ လူ
နှစ်ဦးနှင့်နွား ၁၂ ကောင် သေဆုံးခဲ့သည်။

''လေပြင်းတိုက်တဲ့ ညတွင်းချင်းပဲ လူမှုကူညီရေးအဖွဲ့တွေ၊ ထွေအုပ်၊ စည်ပင်နဲ့ အခြား
တာဝန်ရှိတဲ့ ဝန်ထမ်းတွေ စုပေါင်းပြီး ပျက်စီးဆုံးရှုံးမှုတွေကို ညတွင်းချင်းဆိုသလိုပဲ
ရှင်းလင်း ဆောင်ရွက်ကြတယ်။ ဓာတ်တိုင် စုစုပေါင်း ၁၁၄ တိုင် ပျက်ဆီးခဲ့လို့ မီးပျက်တယ်။
ချက်ချင်း လျှပ်စစ်မီးပြန်ရအောင်လို့ လုပ်တာ နှစ်ရက်အတွင်း ရပ်ကွက်ကြီး ခြောက်ရပ်ကွက်
မီးပြန်လင်းပြီ။ ဒီနေ့ ညနေပိုင်းလောက်ဆိုရင် တစ်မြို့လုံး မီးလင်းတော့မှာပါ။
ပိန္နဲကုန်းမှာအိမ်ခြေ ၂၈ အိမ်၊ အင်းယားမှာ ခုနစ်အိမ်၊ ရပ်ကွက်ကြီး (၂) မှာ နှစ်အိမ်နဲ့
ရပ်ကွက်ကြီး (၅)မှာ လေးအိမ် ပျက်ဆီးသွားတာကို လူမှုကူညီရေးနဲ့ ပြန်လည်နေရာချ
ထားရေး အဖွဲ့တွေနဲ့စုပေါင်းပြီး လိုအပ်တာတွေကို ပံ့ပိုး ကူညီခဲ့တယ်။
စာသင်ကျောင်းတွေကတော့ သူတို့ဘက်ဂျတ် ပြန်တောင်းပြီး ပြုပြင်သွားကြမှာပါ''ဟု
ပြင်ဦးလွင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက
မေ ၈ ရက်က မြန်မာတိုင်း(မ်) ကို ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် မေ ရ ရက်ကလည်း လေပြင်းများ တိုက်ခတ်ခဲ့ပြီး ညောင်ဦးမြို့
မိုးလေဝသနှင့် ဇလဗေဒသစခန်းတိုင်းထွက်ချက်အရ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်မှ
စတင်ခါ ၁ဝ မိနစ်ခန့် အနောက်မြောက်အရပ်မှ တစ်နာရီလျှင် ၃၅ မိုင်မှ ၄ဝ မိုင်အထိ
လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း၊ ဓာတ်တိုင်လေးတိုင်နှင့် သစ်ပင်တစ်ပင်
လဲပြိုသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ထို့သို့ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားပြီးနောက် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာနက ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့
သည့်ဒေသများကို ထောက်ပံမှုများ ပေးအပ်ခဲ့ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး
ဦးသန်းထဋ်ဆွေက ပြောသည်။

''တိုင်းအတွင်းမှာ သဘာဝဘေးဖြစ်လာရင် လူမှုကူညီရေးအသင်း ၃ဝဝ ကျော်လောက်နဲ့
ပူးပေါင်းဆောင်ရွက်တယ်။ သူ့တို့ဆီက သတင်းအချက်အလက်တွေ အဓိကရတယ်။
အဲဒီအပေါ် မူတည်ပြီး ထောက်ပံ့မှုတွေပေးတယ်''ဟု ၄င်းက ပြောသည်။

ယခင်နှစ်က သဘာဝဘေးဒဏ်ကြောင့် နေအိမ်ပြိုကျပါက ကျပ် ၅ဝ,ဝဝဝ သာ ထောက်ပံ့မှု
ပေးသော်လည်း ယခုနှစ်တွင် ကျပ်တစ်သိန်းအထိ တိုးမြှင့်ထောက်ပံ့ကြောင်း၊ လူသေဆုံးပါက
ယခင် ကျပ် တစ်သိန်းသာ ပေးသော်လည်းယခုနှစ်တွင် ကျပ် သုံးသိန်းအထိ ပေးကြောင်း၊
သာမန်နေအိမ် သွပ်အမိုးလန်ပါက ပစ္စည်းလေးမျိုး၊ နေအိမ်ပြိုကျပါက ပစ္စည်းကိုးမျိုး
ထောက်ပံ့ကြောင်း ၄င်းက ပြောသည်။

 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး