ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု များလာသဖြင့် သီးနှံအာမခံကို သရက်တောင်သူများ စိတ်ဝင်စား

ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု များလာသဖြင့် သီးနှံအာမခံကို သရက်တောင်သူများ စိတ်ဝင်စား

ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်စဉ်များ အကြိမ်ရေ စိပ်လာပြီး
စျေးကွက်ကို ထိန်းချုပ်ရန် ခက်ခဲခြင်း၊ စျေးနှုန်းမတည်ငြိမ်ဖြစ်ခြင်းများ ဖြစ်လာသဖြင့်
တောင်သူများအား အထောက်အကူဖြစ်စေသည့် သီးနှံအာမခံထားရှိရန် သရက်ခြံ
လုပ်ငန်းရှင်တို့က စိတ်ဝင်စားလျက်ရှိကြကြောင်း မြန်မာ့သရက်စျေးကွက်နှင့် နည်းပညာ
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အတွင်းရေးမှုး ဦးကျော်စိုးနိုင်က ပြောသည်။

''မနှစ်က ကျောက်ဆည်၊ စဉ့်ကိုင်ဘက်ကသရက်ခြံတွေ မိုးသီးမှန်တယ်။ အဲဒီတော့
သတင်းမီဒီယာတွေမှာ တက်လာတာက သိန်း၉,ဝဝဝ ဖိုးလောက် ဆုံးရှုံးတယ်။
အမှန်ကအသီးမတင်တော့တာပေါ့။ အဲဒါက မိုးသီးမှန်တဲ့ တစ်နှစ်တည်းတင်မဟုတ်ဘူး။
အခုနှစ်လည်း အဲဒီနှစ်က မိုးသီးမှန်တဲ့ ခြံတွေက အသီးမသီးပြန်ဘူး။ နှစ်နှစ်တိတိ
ထိခိုက်သွားတဲ့သဘောပေါ့။ နောက်ပြီး သရက်သီးသဘောက ဒီဇင်ဘာ၊ နိုဝင်ဘာမှာ
အပွင့်ပွင့်တယ်။ ဒါပေမဲ့ဒီနှစ်ဆောင်းက ပူတဲ့အတွက် အပွင့်ပွင့်တာနှစ်ခါလို ဖြစ်သွားတယ်။
တကယ်တမ်းကျတော့ စိန်တလုံးသရက်က တစ်ခါတည်းသီးတာ၊ ဒီနှစ်ကျတော့ နှစ်ခါလို
ဖြစ်သွားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ လေးငါးရက်လောက် ကွာသွားတယ်။
အကျိုးဆက်ကတော့ ဒီနှစ် အသီးရှားတယ်။ နောက် သင်္ကြန်တွင်းကဖြစ်သွားတာက
လေပြင်းတိုက်တယ်။ ကံကောင်းတာက မြစ်သားဘက်က ခြံတွေက စောခူးလိုက်လို့ပဲ။
အဲဒီလို ရာသီဥတုနဲ့ ပတ်သက်ပြီးရင်တမမနဲ့ ဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်အာမခံပေးနိုင်တဲ့
စနစ်မျိုးကို စိတ်ဝင်စားမှုရှိကြတယ်''ဟု ဦးကျော်စိုးနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံတွင် သရက်ခြံစိုက်ဧက လေးသိန်းဝန်းကျင် ရှိပြီး စိန်တလုံးသရက်က
နိုင်ငံတကာစျေးကွက်တွင် ထိုးဖောက်နေရာယူလျက်ရှိသည်။ တရုတ်မူဆယ်တွင်
သရက်သီး ရှားပါးမှုကြောင့် သရက်တစ်ဖာလျှင် ယွမ် ၁၇ဝ မှ ၁၄ဝ အထိ ရရှိလျက်
ရှိသည်။

''ရာသီဥတုကြောင့် တကယ်တမ်းကျတော့ အသီးအားလုံးက အရွယ်အစားကောင်းကောင်း
ရကြတာ မဟုတ်ဘူး။ ခြံုကြည့်လိုက်တော့ နဂိုစျေးပဲလေ။ အဲဒါကြောင့် ကျွန်တော်တို့က
ကိုယ့်ကိုယ် အကာအကွယ်ပေးမယ့်အာမခံကို စိတ်ဝင်စားမှုရှိကြတယ်'' ဟု ၄င်းက
ဆိုသည်။

တောင်သူများက အာမခံနှင့်အတူ အခြားသော မီး၊ ရေအာမခံထားရှိရန် လို၊ မလိုနှင့်
အခြားသော သတင်းအချက်အလက်များကို ပြည့်စုံစွာ သိချင်ကြသည်ဟုလည်း ၄င်းက
ဆိုသည်။

''အာမခံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့မေးကြည့်သေးတယ်။ သူတို့က (အာမခံကုမ္ပဏီက)
ကာလတိုပဲ စိတ်ဝင်စားတာ တွေ့ရတယ်။စပါးတို့၊ ပဲတို့လိုမျိုး ကာလတိုသီးနှံအပေါ်မှာပဲ
စိတ်ဝင်စားကြတယ်''ဟု ၄င်းက ဆိုသည်။

သီးနှံ အာမခံလုပ်ငန်းသည် ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် စွန့်စားမှုများခြင်းကြောင့်
အစိုးရ အာမခံလုပ်ငန်းနှင့်ဖြစ်စေ၊ နိုင်ငံခြားကုမ္ပဏီတို့ဖြင့် ဖြစ်စေ ပူးတွဲဆောင်ရွက်ရန်
လိုအပ်ကြောင်း ဂလိုဘယ်ဝေါ အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းသန့်က
ဆိုသည်။

''ပုဂ္ဂလိက ကုမ္ပဏီတွေထဲမှာ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုပဲ သီးနှံအာမခံလုပ်ငန်း
လုပ်ကိုင်ဆောင်ရွက်ဖို့ တင်ထားတယ်။ မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်မှုကော်မတီက
စဉ်းစားပါဦးမယ်လို့ အကြောင်းပြန်ထားတယ်။ ကျွန်တော်တို့ ကနဦးစလုပ်မယ်ဆိုရင်
လည်း စပါးတစ်မျိုးတည်းကို ဆောင်ရွက်ဖြစ်မှာပါ။ တစ်နှစ်၊ နှစ်နှစ်လောက် လုပ်ပြီးမှသာ
ကျန်တဲ့ ဥယျာဉ်ခြံမြေသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံတို့ကို ဆက်လက် ဆောင်ရွက်နိုင်မှာ
ဖြစ်ပါတယ်။ စပါးကိုတော့ ထွက်မှုအလိုက် အာမခံထားရှိဖို့ စဉ်းစားထားပါတယ်။
ဥပမာ တစ်ဧကကို တင်း ၅ဝ ဆိုရင် ရာသီဥတု ဖောက်ပြန်လို့ အဲဒီနှုန်းအတိုင်း
မထွက်နိုင်ရင် ကျွန်တော်တို့က မထွက်တဲ့ တင်းအရေအတွက်ကို လက်ရှိပေါက်စျေးနဲ့
ပေးလျော်မယ့် ပုံစံမျိုးပါပဲ။ တကယ်လို့ အခြားသီးနှံအမျိုးအစားတွေက အာမခံထား ရှိချင်
တယ်ဆိုရင်တော့ ရွေးချယ်အာမခံစနစ်ကို အသုံးပြုပြီး ထားလို့ရပါတယ်'' ဟု ဂလိုဘယ်ဝေါ
အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းသန့်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး